Tuesday, January 27, 2015

ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် (FDA) အထူးကြေညာချက်(၁/၂၀၁၅)

ph- 09 321 161 331

ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်(FDA) အစည်းအဝေးကျင်းပပြုလုပ်

        ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်(FDA)အဖွဲ့ အစည်းအဝေးကို  ၂၇-၁-၂၀၁၅ ရက်နေ့ နေ့လည် ၁း၀၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။ ထိုအစည်းအဝေးသို့ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်(FDA)အဖွဲ့ဝင် ပါတီများ ဖြစ်ကြသော ကရင်ပြည်သူ့ပါတီ၊ ညီညွတ်သောရေးနှင့်ငြိမ်းချမ်းရေးပါတီ၊ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)နှင့်အမျိုးသားဒီမိုကရစီအင်အားစုပါတီတို့မှ ပါတီခေါင်းဆောင်များ၊ ပါတီကိုယ်စား လှယ်များ  တက်ရောက်ခဲ့ကြသည်။

        အစည်းအဝေးတွင် သဘာပတိ ဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးသုဝေက အမှာစကားပြောကြားပြီး ကရင်ပြည်သူ့ပါတီဥက္ကဌ ဦးစောထွန်းအောင်မြင့်က အစည်းအဝေးခေါ်ယူရခြင်း အကြောင်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများက မိမိတို့အမြင်သဘောထားများကို ဆွေးနွေး ကြရာတွင် ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်သန်းသန်းနု၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဦးစိုးမောင်၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး ဦးသက်ဦး၊ ကရင်ပြည်သူ့ပါတီ အတွင်းရေးမှူး ဦးစောဆေးဝါး၊  အမျိုးသားဒီမိုကရေစီအင်အားစုပါတီ အတွင်းရေးမှူး ဦးနေမင်းကျော်၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ အတွင်းရေးမှူး ဦးမျိုးညွန့်၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဌ ဦးခင်မောင်ဆွေ၊ ကရင်ပြည်သူ့ပါတီဥက္ကဌ ဦးစောထွန်းအောင်မြင့်တို့က ဆွေးနွေးခဲ့ကြသည်။ ခြောက်ပွင့်ဆိုင်တွေ့ဆုံရေးကိစ္စအပေါ်အမြင်များ၊ အပစ်အခတ်ရပ်စဲရေးစာချုပ် အမြန်ဆုံးချုပ်ဆိုနိုင်ရေးနှင့် ၂၀၁၅ ရွေးကောက်ပွဲကို ပွင့်လင်းမြင်သာစွာ ဖြတ်သန်းနိုင်ရေး။ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်(FDA)ကို တိုးချဲဇွဲစည်းရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

        ဆွေးနွေးချက်များအရ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်(FDA) အဖွဲ့၏ ကြေညာချက် (၁/၂၀၁၅) ကို ထုတ်ပြန်ရန် တညီတစ်ညွတ်တည်း သဘောတူခဲ့ကြသည်။

        အစည်းအဝေးကို ညနေ ၄း၀၀နာရီတွင် အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် (FDA)

အထူးကြေညာချက်(၁/၂၀၁၅)

ရက်စွဲ။ ၂၀၁၅ခုနှစ်၊ ဇန်န၀ါရီလ(၂၇)ရက်

 

၁။     ကျွန်ုပ်တို့ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် (FDA)အဖွဲ့ဝင်ပါတီအသီးသီးမှ ခေါင်းဆောင်များသည် ယနေ့ ၂၀၁၅ခုနှစ်၊ ဇန်န၀ါရီလ(၂၇)ရက်နေ့တွင် ဤအထူးကြေညာချက်ကို တစ်ညီတစ်ညွတ်တည်း စည်းဝေးဆုံးဖြတ်၍ ထုတ်ပြန်ကြေညာလိုက်သည်။

 

၂။     ဤကဲ့သို့ ဆုံးဖြတ်ထုတ်ပြန်ရခြင်း၏ ရည်ရွယ်ချက်မှာ ယနေ့ မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသော နိုင်ငံ ရေးစိန်ခေါ်မှုများကို လွန်မြောက်၍  နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေးနှင့်အမျိုးသား ညီညွတ်ရေးတို့ကို အမှန်တကယ်ထူထောင်နိုင်ရန်ဖြစ်ပြီး၊ ထိုမှ ရေရှည်ငြိမ်းချမ်းရေးကြီးကို တည်ဆောက် နိုင် စေရန် ဖြစ်ပါသည်။

 

၃။     သို့ဖြစ်ရာ ကျွန်ုပ်တို့ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် (FDA)အဖွဲ့ဝင်ပါတီခေါင်းဆောင်များသည် နိုင်ငံနှင့် ပြည်သူလူထုအားလုံး၏ အကျိုးစီးပွားအတွက် အောက်ဖော်ပြပါခေါင်းစဉ်ကြီး(၃)ရပ်ကို  ညှိနှိုင်းဆွေးနွေး၍ သဘောတူဆုံးဖြတ်ကြပါသည်-

က။    ခြောက်ပွင်ဆိုင်တွေ့ဆုံဆွေးနွေးရေးကိစ္စ

(၁)    ခြောက်ပွင့်ဆိုင်ဆွေးနွေးမှု၊ ၁၄ပွင့်ဆိုင်ဆွေးနွေးမှုနှင့် ၄၈ပွင့်ဆွေးနွေးမှုများမှာ တွေ့ဆုံဆွေးနွေး အဖြေ ရှာရေးကို ဦးတည်သည်ဖြစ်၍ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် (FDA)မှ အသိအမှတ်ပြုသည်။ သို့သော် တိုင်းရင်းသားလူမျိုးများ၏ နိုင်ငံရေးခေါင်းဆောင်များ ပါဝင်တက်ရောက်သော ဆွေးနွေးပွဲမျိုးသည်သာ  အနာဂတ်ပြည်ထောင်စုပြဿနာများကို ဖြေရှင်းပေးနိုင်မည် ဖြစ်သည်။

(၂)    ၁၉၄၇-ခု ပင်လုံညီလာခံကို အမျိုးသားလက္ခဏာနှင့် ပြည်ထောင်စုလက္ခဏာနှစ်ရပ်လုံးဖြင့် ကျင်းပနိုင် ခဲ့သည်။ ယင်း ပင်လုံညီလာခံတွင် ရှမ်း၊ ချင်း၊ကချင်၊ ကယား၊ဗမာတိုင်းရင်းသားလူမျိုးများ ပါဝင်ကြပြီး ထိုစဉ်က အုပ်ချုပ်ရေးဘက်တွင် ရောက်ရှိနေကြသည့် ကျန်တိုင်းရင်းသားခေါင်းဆောင်ကြီးများလည်း ပါဝင်ခဲ့သည်ကို တွေ့ရသည်။

(၃)    ယခုပြည်ထောင်စုအရေး၊ လူမျိုးအားလုံး၏အရေးကို အဖြေရှာမည်ဆိုလျှင် တိုင်းရင်းသားလူမျိုးကြီးများ စုံညီပါဝင်မှသာ အမျိုးသားညီညွတ်ရေးကို အလေးထားရာ ရောက်မည်ဖြစ်သည်။ ထို့ကြောင့် ပင်လုံကဲ့ သို့ပင် အခြားတိုင်းရင်းသားလူမျိုးခေါင်းဆောင်များပါ ပါဝင်သင့်သည်ဟု ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် (FDA)မှ အလေးအနက်ယုံကြည်သည်။

 

 

ခ။     ပြည်တွင်းငြိမ်းချမ်းရေးနိုင်ငံရေးဆွေးနွေးပွဲများလုပ်ငန်းတွင် အပစ်အခတ်ရပ်စဲရေး စတင်ဆောင်ရွက်         ရေးကိစ္စ။

(၁)    အပစ်အခတ်ရပ်စဲရေးအတွက် UPWC/NCCT ဆွေးနွေးပွဲများတွင် အချက်အနည်းငယ်သာ ညှိနှိုင်းရန် ကျန်သည်ဟု သိရပါသည်။ ထိုအချက်များကို ပြေလည်ရန်အတွက် အမြန်ဆုံး ဆောင်ရွက်ပေးရန် တိုက်တွန်းအပ်ပါသည်။

(၂)    ဤအချက်အနည်းငယ်သည် နိုင်ငံရေးယုံကြည်မှုအပေါ်များစွာတည်မှီနေသည်ဟုလည်း ယုံကြည်ပါသည်။

(၃)    သို့ပါ၍ အမျိုးသားညီညွတ်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနှင့် တစ်မျိုးသား လုံး၏ စီးပွားရေးဘ၀များ ဖွံ့ဖြိုးတိုးတက်ခွင့်ရရှိစေရေး စသည့် အမျိုးသားရေရှည်အကျိုး စီးပွားများကို အာမခံချက်ပေးနိုင်မည့်   နိုင်ငံရေးအာမခံချက်ရှိစေသော ကတိက၀တ် တစ်စုံ တစ်ရာကို လာမည့် ဖေဖော်ဝါရီလအတွင်း အာဏာပိုင်အဖွဲ့အစည်းထိပ်ပိုင်း ခေါင်းဆောင်များ နှင့် တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံ၍ မျက်နှာစုံညီ လက်မှတ် ရေး ထိုးနိုင်ရေးနှင့် ၂၀၁၅ မြန်မာ့နှစ်သစ်ကူးအပြီး ပြည်သူအများ၏ မင်္ဂလာနှစ်သစ်ကူးချိန် ဧပြီလနောက်ဆုံးပတ်များမှစ၍ ပြည်တွင်းငြိမ်းချမ်းရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲများ စတင်နိုင်ကြရန် အထူးပင်မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်။

 

ဂ။     ၂၀၁၅ ပါတီစုံအထွေထွေရွေးကောက်ပွဲ ပွင့်လင်းမြင်သာမှုနှင့်တရားမျှတမှုရှိရေးကိစ္စ။

ထိုသို့ ဖြစ်ပေါ်စေရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အစိုးရ၊ နိုင်ငံရေး ပါတီများနှင့် အရပ်ဖက်အဖွဲ့အစည်းများ အားလုံး ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ကြပါရန် လေးလေးနက်နက် တိုက်တွန်း အပ်ပါသည်။

 

ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်( FDA)

 


No comments:

Post a Comment