Thursday, January 22, 2015

နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပွဲဖြစ်ပေါ်လာရေးနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏သဘောထား

နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပွဲဖြစ်ပေါ်လာရေးနှင့် ပတ်သက်၍

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏သဘောထား

ကြေညာချက်(၁/၂၀၁၅)

ရက်စွဲ။ ၂၀၁၅ခုနှစ်၊ ဇန်န၀ါရီလ(၂၃)ရက်

 

မြန်မာနိုင်ငံတွင် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးကို တိုင်းရင်းသားပြည်သူအားလုံး မျှော်လင့်တောင့်တခဲ့ ကြသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။ ယခုအခါ ပြည်သူများသာမက အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အားလုံးတို့ကပါ အမှန်တကယ်လိုလားကြောင်းကို သတင်းမီဒီယာ များတွင် ပွင့်လင်းစွာထုတ်ဖော်ပြောဆိုနေခြင်းကို ကြားသိမြင်တွေ့နေရပြီ ဖြစ်ပါသည်။

နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရာတွင် တိုင်းရင်းသားလက်နက်ကိုင် အားလုံး မပါနိုင်ဟူ၍လည်းကောင်း၊ လာမည့် ပြည်ထောင်စုနေ့တွင် အဆိုပါလက်မှတ်ရေးထိုးရေး ဖြစ်ပေါ်နိုင်ခြေ အလားအလာနည်းပါးနေသည်ဟူ၍လည်းကောင်း၊  ပြည်သူတို့အကြားတွင် သို့လောသို့လော ထင်မှတ်စရာများ ဖြစ်ပေါ်နေပါသည်။  မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးသည့်၏နောက်တွင် ငြိမ်းချမ်းသောတိုင်းပြည်အဖြစ် တစ်ချိန်တစ်ခါမျှ မရောက်ရှိခဲ့ပါ။ ထို့ကြောင့် ပြည်သူများပိုင်ဆိုင်သည့် သယံဇာတများကို ပြည်သူတို့ အကျိုး အတွက် ထုတ်ယူသုံးစွဲနိုင်ခွင့်တို့သည်လည်း ဆုံးရှုံးနေခဲ့ပါသည်။

ဤသည်မှာ မငြိမ်းချမ်းမှု၏ အကျိုးဆက်ဖြစ်ပြီး ပြည်တွင်းငြိမ်းချမ်းရေးဆီသို့ မရောက်နိုင်သည့် အဟန့် အတားများ ရှိနေခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ ယင်းကား အခြားမဟုတ်ပါ။ နိုင်ငံရေးယုံကြည်မှု ကင်းမဲ့ခြင်းနှင့် ထိုသို့ယုံကြည်မှုရစေရန် နိုင်ငံရေးအရ ခိုင်မာသည့် အာမခံချက်များ ဘက်နှစ်ဖက်စလုံးတွင်  ရရှိရန် လိုအပ်နေဆဲ ဖြစ်ကြောင်း ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီမှ အလေးအနက်ယုံကြည်ပါသည်။

ထိုသို့ ယုံကြည်သည့်အလျောက် ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးသို့ သွားရာ တံခါးပေါက်အဖြစ် ရှိနေသည့် နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးကို အထက်ဖော်ပြပါ နိုင်ငံရေးယုံကြည်မှုရစေနိုင်သည့် နိုင်ငံရေးအာမခံချက် များကို စောလျင်စွာ ချမှတ်စိုက်ထူရေးကို ပြည်သူအားလုံးက မျှော်လင့်နေကြသည်ဟု ကျွန်ုပ်တို့ NDF ပါတီမှ အခိုင်အမာ မှတ်ယူပါသည်။

ထိုသို့သော မျှော်လင့်ချက်တို့ေ၀၀ါးနေဆဲတွင် အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးမှုတွင် NCCT အဖွဲ့ဝင် ကျန်တိုင်းရင်းသားများနှင့်တစ်ထပ် တည်းရှိသည်ဟု ကေအိုင်အေကပါ ထုတ်ဖော်ပြောကြားလာပါသည် ။ ဤသည်ကား ငြိမ်းချမ်းရေးဖော်ဆောင်မှုတွင် အလေးဂရုပြုရမည့် သဘောထားထုတ်ပြန်ချက်ဖြစ်သည်ဟု ကျွန်ုပ်တို့ NDF ပါတီမှ ရှုမြင်လက်ခံပါသည်။

ငြိမ်းချမ်းရေးရရှိရေးကို ပြည်သူအားလုံးမျှော်လင့်ကြိုဆိုနေမည်မှာ ယုံမှားစရာမရှိပါ။ သို့ပါ၍ ရည်ရွယ်ထားရှိသော ဖေဖော်ဝါရီလအတွင်း နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပွဲသို့ တိုင်းရင်းသားလက်နက်ကိုင်စုံညီပါဝင်ရေး ထိုးနိုင်ရေးအတွက်  နိုင်ငံရေးအရ ခိုင်မာမှုရရှိစေရေးကို အလေး အနက်ထား ဆောင်ရွက်ကြပါရန် နိုင်ငံနှင့်ပြည်သူအကျိုး မျှော်ကိုး၍ အထူးပင် တိုက်တွန်းတောင်းဆိုလိုက် ပါသည်။

  ဗဟိုအလုပ်အမှုဆောင်ကော်မတီ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

No comments:

Post a Comment