Tuesday, December 23, 2014

NDFလက်ပံတောင်းတောင်ကိစ္စအပါအ၀င် နိုင်ငံတစ်ဝှမ်းဖြစ်ပွားနေသည့်ဖြစ်ရပ်များအပေါ် သဘောထားကြေညာချက်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏

လက်ပံတောင်းတောင်ကိစ္စအပါအ၀င်  နိုင်ငံတစ်ဝှမ်းဖြစ်ပွားနေသည့်ဖြစ်ရပ်များအပေါ် သဘောထားကြေညာချက်

ရက်စွဲ ။ ၂၀၁၄ခုနှစ်၊ ဒီဇင်္ဘာလ(၂၃)ရက်

 

         ကျွန်ုပ်တို့ NDF ပါတီသည် ပြည်သူများ စားဝတ်နေရေးဖူလုံမှုနှင့် လူမှုဘ၀လုံခြုံရေးအတွက် မူဝါဒလမ်း စဉ်များကို ချမှတ်၍ အောက်ပါအတိုင်း ရှေ့ရှုဆောင်ရွက်နေပါသည်။

-      ပြည်သူအများ၏ လူမှုဒုက္ခများ လျော့ပါးစေရေး၊

-      အလုပ်အကိုင်အခွင့်အလမ်းများ ပွင့်လန်းရရှိစေရေး၊

-      လက်လုပ်လက်စားပြည်သူများ အသေးစားချေးငွေ ရရှိရေး၊

-      မြေမဲ့ယာမဲ့လက်ငုတ်မဲ့ဘ၀တို့မှ လွတ်မြောက်စေရေး၊

-      လူမှုရေးနာကျင်မှုများမှ ကင်းလွတ်စေရန် လွှတ်တော်တွင်း၊ လွှတ်တော်ပ အစီအမံများဖြင့် ပြည်တွင်း ငြိမ်းချမ်းသာယာဝပြောရေးအတွက် ပါတီနိုင်ငံရေးနည်းလမ်းကြောင်းများဖြင့် တက်ကြွစွာကြိုးပမ်းဆောင်

ရွက်နေပါသည်။

         သို့ဖြစ်ရာ လက်ပံတောင်းတောင်တွင် လတ်တလောဖြစ်ပျက်သွားသော ပစ်ခတ်မှုကြောင့် ပြည်သူ တစ်ဦး သေဆုံးပြီး ပြည်သူအချို့ ဒဏ်ရာရရှိသွားရသည့် ဖြစ်ရပ်မျိုးအပါအ၀င် နိုင်ငံတစ်ဝှမ်းတွင် ဖြစ်ပွားနေသော မြေယာပြဿနာများနှင့် ကျူးကျော်အိမ်ပြဿနာများ စသည့် ပြည်သူများ ခံစားနေရသည့် လူမှုဒုက္ခနာကျင်မှုများ ကို ပြေလည်အောင် ကိုင်တွယ်ဖြေရှင်းပေးရန် အရေးတကြီး လိုအပ်နေပြီ ဖြစ်ပါသည်။ 

         လယ်ယာမြေလက်ငုတ်မဲ့၍ ထွန်တုံးတိုက်ပွဲဆင်နွဲတောင်းဆိုသူ တောင်သူများမှအစ  မိမိတို့မိသားစု ၀မ်းရေးနှင့် စားဝတ်နေရေးကြပ်တည်းမှုများကြောင့် ဖြစ်ပေါ်လာသော ပြည်သူအများခံစားနေရသည့် လူမှုဒုက္ခများကိုလျော့ပါးစေရန်အတွက် နိုင်ငံတော်အနေဖြင့် ပြည်သူအများ ရရှိခံစားအပ်သည့် လူမှု လွတ်လပ်ခွင့်များဘက်မှ ရပ်တည်ဆောင်ရွက်ပေး ရမည် ဖြစ်ပါသည်။ 

         ထိုသို့သော လူမှုရေးမငြိမ်မသက် ဖြစ်လာမှုမှအစ လူမှုပေါက်ကွဲမှုကြီးအဆင့်သို့ ကူးပြောင်းရောက်ရှိ မသွားရေးအတွက် တာဝန်ရှိသည့် အာဏာပိုင်အဖွဲ့အစည်းအဆင့်ဆင့်နှင့် နိုင်ငံတော်အစိုးရအဖွဲ့တို့ကပါ အမြန်ဆုံး တာဝန်ယူဖြေရှင်းပေးပါရန် အထူးပင် တိုက်တွန်းတောင်းဆိုအပ်ပါသည်။

 

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

             ဗဟိုအလုပ်အမှုဆောင်ကော်မတီ

No comments:

Post a Comment