Saturday, December 20, 2014

ဒါ ကျွန်တော်တို့ရဲ့ဘဝ

ဒါ ကျွန်တော်တို့ရဲ့ဘဝ

NDF ဆိုတာနဲ့

မျက်စောင်းတခဲခဲ အငြိုတ၀င်းဝင်းအကြည့်တွေနဲ့ ကြည့်ကြသူတွေ

သြော် ……သူတို့မလုပ်နိုင်တဲ့အလုပ်၊ သူတို့မလုပ်ရဲတဲ့အလုပ် သူတို့မလုပ်ဝံ့တဲ့အလုပ်

ကျွန်တော်တို့က လုပ်ခဲ့ကြတာကိုး။

 

NDF ဆိုတာနဲ့

အထိတ်တလန့်နဲ့ ကြောက်လန့်တကြား ကြည့်ကြတဲ့သူတွေ

သြော် သူတို့က ၂၀၁၀တုန်းက ကမ်းကုန်အောင်မဲညစ်ခဲ့ကြသူတွေဆိုတော့

လိပ်ပြာဘယ်လုံပါ့မလဲ။

ညနိုင်၊ မနက်ရှုံးနဲ့ အလဲလဲအကွဲကွဲဖြစ်ခဲ့ရတဲ့ဘဝ

ကူသူမရှိ၊ ကယ်သူမရှိ၊ ပြောသူမရှိ။

လွှတ်တော်ထဲမှာလည်း NDF က လက်သံခပ်ပြောင်ပြောင်ဆိုတော့

ခပ်ရွံရွံပေါ့ဗျာ။

 

NDF ဆိုတာနဲ့

မကပ်ဝံ့လို့ အဝေးမှာ နေကြတဲ့သူတွေ

သြော်……….သူတို့က နဂါးမျက်စောင်း အကြောင်းသုံးပါးမရွေးဆိုလေတော့

ခပ်ရှောင်ရှောင်ပေါ့ဗျာ။

 

NDF ဆိုတာနဲ့

ဂုဏ်ယူစွာနှုတ်ဆက်ပေါင်းသင်းကြသူတွေ။.

သြော် ………..သူတို့က ဒီနိုင်ငံရေးရေဆန်လမ်းကို

စိတ်တူကိုယ်တူ လက်တွဲညီညီနဲ့ဖြတ်ခဲ့ကြတယ်လေ။

မကောင်းပြောခံရတာချင်းလည်းအတူတူ

ဘေးဖယ်ခံရတာချင်းလည်းအတူတူဆိုတော့

ကိုယ့်အစုလေးတွေနဲ့ကိုယ်  တူရာတွဲလုပ်၊ မတူရာခွဲလုပ်ပေါ့ဗျာ။

ဒီတော့ ဖြစ်မြောက်တာလေးတွေလည်းရှိ၊

ပြောဖြစ်တာလေးလည်းရှိ။

 

NDF ဆိုတာနဲ့

အားကိုးတကြီးလာကြသူတွေလည်း  ရှိလေရဲ့။

သူတိုရဲ့ အခက်အခဲတွေ၊ ဒုက္ခတွေကို

လုပ်နိုင်တဲ့ဘောင်ထဲကနေ စွမ်းအားရှိသမျှ လုပ်ပေးနေတော့လည်း

အားကိုးအားထား ဖြစ်တာပေါ့။

ငွေ၊ သြဇာ၊ အာဏာ ဖြစ်ဖြစ်မြောက်မြောက်မရှိခဲ့ပေမယ့်လည်း

နိုင်ငံရေးပါတီတစ်ခုအနေနဲ့

ပြောသင့်တာပြော၊ ထောက်ပြသင့်တာထောက်ပြ၊

အဆိုတင်သင့်တာသင်၊ မေးသင့်တာမေးနဲ့ဆိုတော့လည်း

အကြပ်အတည်းကနေ ရလာတာတွေလည်းရှိ၊

မရတာတွေလည်းရှိ၊

NDF ဆိုတာ

နိုင်ငံရေးပါတီတစ်ခုအနေနဲ့ လုပ်နိုင်တာလေးတွေကိုတော့

လုပ်နိုင်သမျှ လုပ်ခဲ့ကြပါတယ်။

ကိုယ့်အင်အား၊ စွမ်းအားရှိသမျှနဲ့ပေါ့။

ခေတ်စနစ်တစ်ခုကိုပြောင်းလဲပစ်နိုင်ဖို့အတွက်

အရွေ့တစ်ခုကို စွမ်းအားရှိသမျှ စိုက်ထုတ်တွန်းခဲ့လေတော့

ရွေ့သမျှလည်းရွေ့၊ တန့်သမျှလည်းတန့်။

ဖြစ်ချင်တာတွေလည်း ဖြစ်လာ။ မဖြစ်ချင်တာတွေလည်း ဖြစ်လာ။

ဖြစ်ချင်တာတွေလည်း ဖြစ်မရ။  ဖြစ်သင့်တာတွေက မဖြစ်လာ။

ဒီလိုနဲ့ ရုန်း၍ ကန်၍ ရင်ဆိုင်၍ဆိုသလိုမျိုးနဲ့ တရွေ့ရွေ့နဲ့ အချိန်တွေကိုကျော်ဖြတ်လာခဲ့တာ

ရွေးကောက်ပွဲတောင် တစ်ပတ်လည်တော့မယ်။

ပျောက်သွားကြတဲ့ပါတီတွေတောင် ပေါ်လာတော့

ပါတီပေါင်း ၇၀ ကျော်မှာ လူမျိုးစုပါတီတွေက တစ်ဝက်ကျော်နဲ့

ဗိုလ်စွဲသွားတယ်။

 NDF ဆိုတာ

 

ခေါင်းဆောင်တွေရဲ့ ပေးဆပ်မှု၊ အနစ်နာခံမှုတွေကို

အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာနဲ့ နိုင်ငံရဲ့အနာဂတ်အရေးဆိုတာကို မျှော်တွေးပြီး

နာကျည်းခါးသီးမှုတွေကို အကုန်လုံး မြေမြုတ်ထားပစ်ခဲ့ကြတယ်။

အတိတ်က ဖြစ်ခဲ့တာတွေထက် အနာဂတ်ကို ငါတို့ဘယ်လိုတည်ဆောက်ကြမလဲ

အရင်လိုအမှားမျိုးတွေ မဖြစ်အောင် ဘယ်လိုလုပ်ကြမလဲဆိုတဲ့အသိတွေ၊အတွေးတွေနဲ့

သင်ပုန်းချေပစ်ခဲ့ကြတယ်။

 

NDFဆိုတာ

ဒီမိုကရေစီရေးအတွက် ငါတို့ထွက်လုပ်မှဖြစ်မယ်လို့ဆိုပြီး

ပေါ်လာတဲ့ ဒီမိုကရက်တစ်ပါတီပါ။

ဒီမိုကရေစီအရေး၊ ပြည်သူ့အရေးနဲ့ တိုင်းပြည်တိုးတက်ရေးကို အလေးထားတယ်။

မပြီးနိုင်တဲ့ ပြည်တွင်းစစ်ကြီးကိုလည်း အမြန်ငြိမ်းနိုင်ဖို့ အလေးထားတယ်။

ဒုက္ခရောက်နေတဲ့ လယ်သမားတွေရဲ့ အရေးကိုလည်း အလေးထားတယ်။

အနာဂတ်မငြိမ်တဲ့ အလုပ်သမားတွေရဲ့ အရေးကိုလည်း အလေးထားတယ်။

ယို့ယွင်းနေတဲ့ နိုင်ငံရဲ့ ပညာရေးနဲ့ ကျန်းမားရေးကဏ္ဍတွေကိုလည်း အလေးထားတယ်။

ပါတီရဲ့ အလေးထားတာတွေက များပါတယ်။

နိုင်ငံတိုးတက်နိုင်ဖို့ဆိုရင် ညီညွတ်ရေးက မရှိမဖြစ်ဆိုတာကိုလည်း သိတယ်။

သိတဲ့အတိုင်းပဲ စိတ်တူသဘောထားညီတဲ့သူတွေကို မဟာမိတ်တွေအဖြစ် စုစည်းလုပ်ဆောင်ခဲ့တယ်။

အရင်ကလည်း လုပ်ဆောင်ခဲ့တယ်။

အခုလည်းလုပ်ဆောင်နေဆဲပဲ။

ဒီမိုကရက်တစ်အုပ်စုတွေရဲ့ ညီညွတ်ရေးဟာ အလွန်အရေးကြီးမှန်း သိတယ်။

ဒီလိုညီညွတ်မှသာ  တစ်ဖက်အင်အားစုကို တန်ပြန်နိုင်မယ်ဆိုတာကိုလည်း သိတယ်။

သိနေပေမယ့် လှုပ်ရှားပိုင်ခွင့်က အခြားသူဆီမှာ။

သူမလုပ်တော့လည်း  ကိုယ်လှုပ်ရှားမှုက အကန့်အသတ်တစ်ခုမျှသာ။

ဒီတော့လည်း နာနာဆုတောင်းရတာပေါ့။

မြန်မာပြည်ကြီး ကံကောင်းပါစေလို့။

မိုးကုတ်ကိုတိုး( ၂၀-၁၂-၂၀၁၄)

 

 

#to be happy#

$$ kotoetoe $$

No comments:

Post a Comment