Tuesday, July 1, 2014

မန္တလေးတွင် ဖြစ်ပွားခဲ့သောအကြမ်းဖက်မှုနှင့်ပတ်သက်၍ NDF ပါတီ၏ သဘောထားကြညာချက်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ်  ၃၁/ ၂၀၁၄

ရက်စွဲ။  ၂၀၁၄ခုနှစ် ၊ ဇူလိုင်လ(၂)ရက်

 

မန္တလေးတွင် ဖြစ်ပွားခဲ့သောအကြမ်းဖက်မှုနှင့်ပတ်သက်၍

NDF ပါတီ၏ သဘောထားကြညာချက်

 

ယမန်နေ့( ၁-၇-၂၀၁၄) ညပိုင်းက မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုသည့်သတင်း များကို ၀မ်းနည်းဘွယ်ရာ ကြားသိရပါသည်။  အွန်လိုင်းသတင်းရင်မြစ်တစ်ခုအပေါ် အခြေခံ၍ ထိုသို့ လူအုပ်စုဖွဲ၍ အဓိဂရုံးဆန်ဆန် ဖြစ်စေရန် တမင်ဖန်တီးစေ့ဆော်မှုသည် မြန်မာ့လူ့အဖွဲ့အစည်းပေါ်တွင် ရေရှည် တည်ငြိမ်ရေးအတွက် ကောင်းကျိုးလော၊ ဆိုးကျိုးလော ဆိုသည်ကို နှစ်ဖက်သော အဖွဲ့အစည်းများက စဉ်းစား ပြီးမှ တရားနည်းလမ်းကျစွာ ဆောင်ရွက်သင့်သည်ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီအနေဖြင့် တိုက်တွန်း လိုပါသည်။

 ယခုဖြစ်ပွားခဲ့သည့် ဖြစ်ရပ်တွင်သာမက မြန်မာပြည်တွင်းအခြေအနေ တည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံတကာ ဖြစ်ရပ်များနှင့် ယဉ်၍ထည့်သွင်းစဉ်းစားပါက စိုးရိမ်ဘွယ်ရာ ဖြစ်ဆဲဟု ဆိုရပါမည် ။ အဘယ်ကြောင့် ဆိုသော် နိုင်ငံတစ်ဝှမ်းရှိ နယ်မြေဒေသအချို့နှင့် ရခိုင်ပြည်နယ်အပါအ၀င်တွင် လူအုပ်စုနှစ်စုအကြား တင်းမာမှုသည် လွန်စွာအကဲဆတ်လျက်ပင် ရှိနေသည်ကို တွေ့နေရဆဲကြောင့် ဖြစ်ပါသည်။

တစ်ဖက်တွင်လည်း ဤသို့သောဖြစ်ရပ်တွင် နောက်ခံပယောဂများ ပါ-မပါဆိုသည်ကို ဝေခွဲရန် ခက်သည့် တိုင် လူ့အဖွဲ့အစည်းအချင်းချင်းအကြား သဟဇာတဖြစ်ရေးကို ရှေ့ရှုကြဖို့လိုအပ်ပါသည်။ ထိုနေ့ ညနေခင်းမှစ၍ အွန်လိုင်းပါသတင်းများကြောင့် လှုပ်ရွလှုပ်ရွဖြစ်နေကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပါသည်။ သက်ဆိုင် ရာ အာဏာပိုင်များက အခြေအနေများကို ထိန်းသိမ်းရန်အတွက် အစီအမံများ ချမှတ်သည်ဆိုသော်လည်း အကဲဆတ်မှုများ ရှိနိုင်သည့်အတွက်  လုံခြုံရေးအစီအမံများ ယခုထက်ပို၍ အထူးပင် ဂရုပြုဆောင်ရွက်ပေးရန် လိုအပ်နေပြီ ဖြစ်ပါသည်။  ထို့ပြင် မြန်မာ့လူမှုအကျိုးစီးပွားကို မျှော်တွေး၍ ပြစ်မှုကျူးလွန်သူများကို တရား ဥပဒေဘောင်အတွင်းမှသာ ဖြေရှင်းကြပါရန် အလေးအနက်တိုက်တွန်းလိုပါကြောင်းနှင့် မြန်မာနိုင်ငံအတွင်း နေထိုင်လျှက်ရှိသည့် မည်သည့်လူမျိုး၊ မည်သည့်ဘာသာ ကိုးကွယ်သူဖြစ်စေ၊  ၄င်းတို့၏ အသက်အိုးအိမ်နှင့် စည်းစိမ်တို့အား  နိုင်ငံတော်အနေဖြင့် ကာကွယ်စောင့်ရှောက်ပေးရမည်သာ ဖြစ်သည်။ ယခုကဲ့သို့ ဆုံးရှုံး နစ်နာမှုများအတွက် လူ့အခွင့်အရေးရှု့ဒေါင့်နှင့် လူသားဝါဒရှုဒေါင့်တို့မှနေ၍ ၀မ်းနည်းဖွယ်ရာ ဖြစ်ပါကြောင်း ကျွန်ုပ်တို့ NDF  ခမောက်ပါတီမှ ပြောကြားလိုပါသည်။ ထို့အတူ စိတ်လိုက်မာန်ပါပြုမူမှုများကိုလည်း နိုင်ငံ၏ ရေရှည်အကျိုးစီးပွားအရ ထိန်းသိမ်းဆောင်ရွက်ကြပါရန် ပြည်သူများသို့ အထူးမေတ္တာရပ်ခံပန်ကြားပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

 

သတင်းထုတ်ပြန်ရေးအဖွဲ့

    အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

No comments:

Post a Comment