Friday, July 4, 2014

ဘယ်ပါတီ နိဂုံးချုပ်မလဲ

ဘယ်ပါတီ နိဂုံးချုပ်မလဲ

 ဦးကျော်အောင် (NDF)

 

ပြည်သူ့အကျိုးနဲ့ ပြည်သူ့အကြိုက် ဘယ်ဟာလိုက်မလဲ

                 ပြည်သူမကြိုက်တဲ့ ပါတီ နိဂုံးချုပ်မယ်လို့ပြောရင်မပြည့်စုံသေးပါ။

                 ကနေ့မြန်မာနိုင်ငံရေးမှာအခြေခံဥပဒေပြင်ဆင်ရး၊ တပ်မတော်သား ၂၅ရာခိုင်နှုန်း၊ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်၊ ပီအာ စနစ်၊မျိုးစောင့်ဥပဒေစတာတွေကို ဖြေရှင်းကြရမှာဖြစ်ပါတယ်။ ဒီအရေး များအတွက် နိုင်ငံရေးပါတီများရဲ့ ဆုံးဖြတ်ချက်တွေဟာ သိပ်အရေးကြီးပါတယ်။ မဟာဗျူဟာ သေတွင်းကျဆုံးဖြတ်ချက်တွေ လို့လည်း ဆိုနိုင်ပါတယ်။ တစ်ချက်ကလေးမှားယုံမျှနဲ့ နိုင်ငံရဲ့ အနာဂတ်ေ၀၀ါးသွားနိုင်သလို မှားယွင်းဆုံးဖြတ်တဲ့ နိုင်ငံရေးပါတီလည်း လူမမာလို အားနည်းသွားနိုင် ပါတယ်။နိဂုံးလည်းချုပ်သွားနိုင်ပါတယ်။

                 အခြေခံဥပဒေပြင်ဆင်ရေးကို အခုပြင်၊အဖုံးချန်ပြီးကျန်တာအကုန်ပြင်၊အဖုံးပါပြင်လုပ်ကြ မှာလား။ မဟာဗျူဟာကျကျဘယ်ပုဒ်မကိုအရင်ပြင်၊ဘယ်ပုဒ်မတွေကိုနောက်တစ်ဆင့်ပြင် စသဖြင့် ညှိညှိ နှိုင်းနှိုင်းဆောင်ရွက်ကြမှာလား။ တပ်မတော်သား ၂၅ရာခိုင်နှုန်းကိစ္စကိုပြည်သူ့အားနဲ့ပြင်ဖို့ကြိုးစားမှာ လား။ အမျိုးသားသင့်မြတ်ရေးမူဘောင်အတွင်းကနေကြိုးပမ်းမှာလား။ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်အရေး ကို မိမိအဖွဲ့ အစည်းလိုလားချက်တစ်ခုကိုအသေဆုပ်ကိုင်ပြီးကြိုးစားမှာလား။ တစ်ဆင့်ပြီးတစ်ဆင့် အပေး အယူအလျှော့ အတင်း နဲ့ ညီအောင်ညှိကြမှာလား ။ ပီအာ ရွှေးကောက်ပွဲစနစ်ကို ငြင်းဆန်ကျားကန်တဲ့ နည်းနဲ့ရင်ဆိုင်မှာလား။ အကောင်းဆုံးအဖြေတစ်ခုရအောင်အကျိုးသင့်အကြောင်းသင့် ဆွေးနွေး အဖြေရှာမှာလား။မျိုးစောင့်ဥပဒေကို လူ့အခွင့်အရေးအမြင်နဲ့ငြင်းပယ်မှာလား၊ အမျိုးသားရေးကို ပြီးပြည့်စုံမှုရှိအောင် ပြင်ဆင်ဖြည့်စွက်မှာ လား။ဘက်ပေါင်းစုံက ပြည့်ပြည့်စုံစုံ စဉ်းစားဆုံးဖြတ်ကြဖို့ လိုပါတယ်။

                 ဒီကနေ့မြန်မာ့အရေးတွေအပေါ်မှာ အမြင်အမျိုးမျိုးရှိနိုင်ပါတယ်။ လွတ်လပ်စွာ သဘောထား ကွဲလွဲခွင့်ပြုရမှာဖြစ်ပါတယ်။ သဘောထားကွဲလွဲကြခြင်းရဲ့နောက်ကွယ်မှာ ဖုံးကွယ်ထားတဲ့ တန်ဖိုးနဲ့ အကျိုးစီးပွားတွေရှိတက်ကြတာကိုလည်း ထည့်သွင်းစဉ်းစားကြရမှာ ဖြစ်ပါတယ်။ ဘယ်အစွန်း ရောက်မှုပဲဖြစ်ဖြစ်၊ အတ္တအကျိုးစီးပွားနဲ့ ယှဉ်ပြီးပေါက်ဖွားတက်ကြတာကိုလည်း နှလုံးသွင်းကြရမှာဖြစ် ပါတယ်။

                 မြန်မာစကားမှာ အရေးပါအရာရောက်ဆိုတဲ့ အသုံးအနှုန်းရှိပါတယ်။ ဖြေရှင်းကြရမယ့် မြန်မာ့အရေးတွေကို အရာရောက်အောင်ဖြေရှင်းကြရမှာဖြစ်ပါတယ်။ ဒီလိုဖြေရှင်းကြတဲ့အခါမှာ လွှတ် တော်တွင်းလွတ်တော်ပြင်ပ ပူးပေါင်းဆောင်ရွက်တဲ့နည်းနဲ့ ဖြေရှင်းကြမှာလား၊လူထုအားနဲ့ထိပ်တိုက်ရင် ဆိုင်မှာလားဆိုတဲ့ နည်းလမ်းနှစ်သွယ်ကို စဉ်းစားကြရမယ့်အနေအထားဖြစ်ပါတယ်။ ဘယ်နည်းလမ်း က အရာရောက်မယ်၊ ရလာဒ်ကောင်း ထွက်နိုင်မယ်ဆိုတာ နိုင်ငံရေးခေါင်းဆောင်တွေ နိုင်ငံရေးပါတီ တွေ စဉ်းစားကြရမယ့် ကိစ္စဖြစ်ပါတယ်။အများပြည်သူရဲ့ ဘ၀အသီးသီးအတွက် အရာရောက်အောင် ရလာဒ်ကောင်း ထွက်အောင် ဘာတစ်ခုမှစွမ်းဆောင်မပေးနိုင်ရင် ဘာမှမဟုတ်တဲ့နိုင်ငံရေးပါတီဖြစ်သွား မှာသေချာပါတယ်။

                 ပါတီစုံ ဒီမိုကရေစီ နိုင်ငံရေးမှာ နိုင်ငံရေးပါတီမှန်ရင် ရွေးကောက်ပွဲဝင်ကြရမှာ ပါပဲ။ ပြည်သူ့အဆုံးအဖြတ်ကို ခံရမှာဖြစ်လို့ ပြည်သူကြိုက် မကြိုက်ဟာ အင်မတန် အရေးကြီးပါတယ်။ နိုင်ငံရေးပါတီတစ်ရပ်ဟာ လွှတ်တော်အတွင်းမှာ လွှတ်တော်ကိုယ်စားလှယ်အရေအတွက်များများ ရွှေး ကောက်တင်မြှောက်ခံရဖို့အရေးဟာလည်း အရေးပါ ပါတယ်။ အဲဒါတွေထက်အရေးပါအရာရောက် တာကတော့ နိုင်ငံရေးပါတီများရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာပြည်သူ့အကျိုးစီးပွားအတွက် အဆိုတွေ၊မေးခွန်းတွေ ၊ဥပဒေကြမ်းတင်သွင်းတာတွေနဲ့ ပြည့်သူ့အကျိုးကို ထိထိရောက်ရောက်ဆောင် ရွက်သွားကြပြီလား၊  မဆောင်ရွက်နိုင်သေးဘူးလား။ ဒီဆောင်ရွက်မှုတွေနဲ့နိုင်ငံရေးပါတီတစ်ရပ်ရဲ့တန်ဖိုးကို အဲဒီပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ် တွေဟာ လွှတ်တော်ထဲမှာ ပြည်သူ့အကျိုးဘယ်လောက်သယ်ပိုးနိုင်ခဲ့ပြီလဲဆိုတာနဲ့ တိုင်းတာရမှာဖြစ် ပါတယ်။

                 နိုင်ငံရေးပါတီတစ်ရပ်အတွက် ပြည်သူကြိုက် မကြိုက်ဆိုတဲ့အချက်ဟာ အလွန်အမင်း အရေးကြီးပါတယ်။ ဒါပေမယ့်လည်း ပြည်သူ့အကျိုးနဲ့ပြည်သူ့အကြိုက်ထပ်တူမကျတဲ့ အခါမျိုးမှာ ပြည်သူ့အကျိုးစီးပွားကိုသာ ဦးထိပ်ပန်ဆင်တဲ့ နိုင်ငံရေးပါတီဟာပြည်သူကြိုက်မဖြစ်တဲ့ ဆုံးဖြတ်ချက်မျိုး ကိုလည်း ရဲရဲကြီးချရဲရပေလိမ့်မယ်။ တကယ်တော့လည်း နိုင်ငံရေးပါတီဆိုတာ ပြည်သူနောက်မြှီးဆွဲ မဟုတ်ပဲ ပြည်သူကို ရှေ့ဆောင်ကြရမယ်ဆိုတာ ခပ်ပြတ်ပြတ်ပြောရပေလိမ့်မယ်။ လက်ခုတ်သံထက် ပြည်သူ့အတွက် အဆိုခံအဆဲခံ လုပ်တန်လုပ်ရပါမယ်။ ပြည်သူ့အတွက် နိုင်ငံရေးနဲ့ အဲ့ဒီပါတီရဲ့  နိုင်ငံရေးတန်ဖိုးပါပဲ။

                 နောက်တစ်ခုက နိုင်ငံရေးပါတီတစ်ရပ်ရဲ့ ဆုံးဖြတ်ချက်တွေဟာ အကြောင်းအရာကိုလိုက် ပြီး တစ်ခြားနိုင်ငံရေးပါတီတွေနဲ့ သဘောထားချင်းတူချင်လည်းတူမယ်။ တူချင်မှလည်းတူမယ်။ နိုင်ငံ ရေးပါတီတစ်ရပ်စဉ်းစားရမှာက ဒီပါတီနဲ့ တူသွားလိမ့်မယ်။ ဟိုပါတီနဲ့မတူသွားလိမ့်မယ်လို့ စဉ်းစား ရမှာမဟုတ်ပဲ အကြောင်းအရာအလိုက်ကိုယ့်ဆုံးဖြတ်ချက်ကို လွတ်လွတ်လပ်လပ်ချမှတ်ရမှာဖြစ်တယ်။ ဒီလိုဆုံးဖြတ်လိုက်လို့ ဘယ်သူဘယ်ဝါ အထင်လွဲချင်လွဲပါစေ ကိုယ်လိပ်ပြာကိုယ်သန့်သန့်နဲ့ ဆောင် ရွက်နိုင်ဖို့သာ လိုရင်းဖြစ်ပါတယ်။

                 မြန်မာနိုင်ငံမှာရှိတဲ့ ကြီးကြီးငယ်ငယ်၊ရွယ်ရွယ်လတ်လတ် ဘယ်နိုင်ငံရေးပါတီမဆို  ပြည်သူ့ ထောက်ခံမှုနဲ့ ထိုက်တန်တဲ့ ပြည်သူ့အကျိုးလက်တွေ့ဖော်ဆောင် နိုင်မယ့် မူဝါဒတွေချမှတ်ကြရမှာ ဖြစ်ပါတယ်။ နိုင်ငံရေးပါတီတစ်ရပ် မူဝါဒကောင်းရင် နိုင်ငံအတွက်ကောင်းမှာ ဖြစ်ပြီး အဲ့ဒီပါတီလည်း အောင်မြင် မှာဖြစ်ပါတယ်။ နိုင်ငံရေးပါတီတစ်ရပ်မူဝါဒညံ့ရင် နိုင်ငံအတွက် မကောင်းနိုင် သလိုအဲဒီပါတီ ကျဆုံးမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မြန်မာ့နိုင်ငံရေးအတွက် မှန်ကန်ကောင်းမွန်တဲ့ မူဝါဒတွေ  ရှိပြီလား၊ မရှိဘူးလား။ ချမှတ်ထားသလား။ မချမှတ်ထားဘူးလားဆိုတာ ဘယ်နိုင်ငံရေးပါတီမဆို နိဂုံးချုပ်သွားနိုင် တယ်ဆိုတာ ထဲ့သွင်းစဉ်းစားဖို့လိုမှာဖြစ်ပါတယ်။

No comments:

Post a Comment