Monday, February 11, 2013

မိုးကုတ်ကိုတိုးအတွေးများ(၄) ၂၀ -၁-၂၀၁၃

မိုးကုတ်ကိုတိုးအတွေးများ(၄)  ၂၀ -၁-၂၀၁၃

 

အမြင်မတော်တာ၊ အမြီးအမှောက်မတည်တာတွေကို

ပြောနိုင်သလောက် ပြောကြည့်ပါဦးမည်။

အချို့က တည့်တည့်ဝေဖန်ခြင်းကို မနှစ်သက်ကြပါ။

အညှိုးနဲ့အတေးတွေနှင့်ပြောနေရေးနေတာခြင်းဟု ဆိုကြသည်။

တစ်ခုလောက်သာ ပြောချင်ပါသည်။

လုပ်သင့်တာကို မလုပ်လျင် နောက်ကျနေသလို

မလုပ်သင့်တာတွေကို လုပ်နေပါလျှင်လည်း အချိန်နှောင်းကာ ပြန်ပြင်ရခက်ပါသည်။

ထို့ကြောင့် လုပ်သင့်သည်ကို လုပ်ရမှာဖြစ်သလို

အချိန်ကာလကိုလည်း သုံးသပ်တတ်ဖို့လည်း  လိုနေပါသည်။

ဆန္ဒစောနေပါလျှင် အမှားတွေ့ပြီး ဘာမှဖြစ်မလာသလို

အကောင်အထည်ဖော်တာ နောက်ကျနေပါလျှင်လည်း

အများကကျေးဇူးတင်မှာ မဟုတ်ပါ။

ထို့ကြောင့် လုပ်သင့်တဲ့အချိန်တွေမှာ လုပ်စရာရှိတာတွေကို လုပ်ကြပါ။

စောင့်ဆိုင်းသင့်တဲ့အချိန်မှာလည်း လုပ်ဆောင်မှုကို ဘရိတ်အုပ်ထားဖို့ လိုပါသည်။

ဤမျှလောက်သာ ပြောချင်ပါသည်။။

 

 

ရန်ကုန်မှာ မီးပွိုင့်ပိတ်ဆိုမှုများ တစ်နေတစ်ခြား ဆိုးနေပါသည်။

ဒုတိယလှည်းတန်း၊ တတိယလှည်းတန်း၊ စတုတ္ထလှည်းတန်း စသဖြင့်

နေရာများစွာမှာ ဖြစ်ပေါ်နေပါသည်။

ပိတ်ဆိုမှုအချိန် ပိုကြာလာပါပြီ။

ခရီးသည်များ ခန္တီစပါရမီ နေစဉ်ဖြည့်ဆည်းနေရသည်။

မနိုင်​၍ သည်းခံရခြင်းသည် သိပ်မကောင်းလှပါ။

ကုန်းကျော်တံတားများ အမြန်ပြီးစေချင်ပါသည်။

နေ့ဆိုင်း၊ ညဆိုင်း  ၂၄ နာရီ ကြိုးစားပေးကြပါ။

တည်ဆောက်မှုနေရာကြောင့် ယာဉ်ကြောပိုကျဉ်းနေပါသည်။

ရွှေဂုံတိုင်တွင် ပိုဆိုးပါသည်။

လှည်းတန်းလို ၂နှစ်စီမံကိန်း မဖြစ်စေချင်ပါ။

ဂုံးကျော်တံတားကြောင့် ရှေ့မီးပွိုင့်များ၊ အ၀ိုင်းများတွင် ပိုမဆိုးလာနိုင်ဘူးလား။

ပုလင်းလည်ပင်းကျဉ်းကလေးများကို တွေနေရပြီ။

တာဝန်ရှိသူများ ကြိုတင်အဖြေရှာထားဖို့အကြံပြုချင်ပါသည်။

ဖြစ်လာမှ အဖြေမရှာသင့်ပါ။

ယာဉ်ထိန်းတပ်ဖွဲ့ တိုးချဲ့ရုံဖြင့် အားလုံးအဆင်ပြေနိုင်ပါ့မလား။

ရန်ကုန်တွင် ကား ၂သိန်းကျော်သာ ရှိနေပါသေးသည်။

ကား ၂သန်းအထိ ဖြစ်မလာသေးပါ။

အားလုံးစည်းကမ်းလိုက်နာစေချင်သည်။

ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းသာ မက လူစည်းကမ်းလေးများပါ လိုက်နာပေးကြပါ။

ကျုတ် ကျဲ့ လိ၊ ကြည့်ကျက်လုပ် ကလေးများ လျော့ပေးကြပါ။

စည်းကမ်းရှိမှ တိုင်းပြည်တိုးတက်မည်။

အားလုံးနိုင်ငံကြီးသား ပီသစေလိုပါသည်။

 

ရန်ကုန်မြို့ပြစီမံကိန်းကြီး ရေးဆွဲနေပါပြီ။

စီမံကိန်း ၃၂ရာခိုင်နှုန်းကျော် ပြီးသွာပြီ။

ဒေါ်လာ ၂ဘီလျှံကျော်ကုန်ကျပါလိမ့်မည်။

၂၀၄၀အတွက်ရည်မှန်းရေးဆွဲထားသည်။

မြို့တော်လူဦးရေ ၆.၁၂ သန်းသာ ရှိနေပါသေးသည်။

သန်း၂၀ မီဂါမြို့တော်ကြီး မဖြစ်သေးပါ။

ပြင်ဆင်ချိန်အများကြီး ရှိနေပါသည်။

တိကျသေချာစွာ ရေးဆွဲပေးကြပါ။

ထန်းတက်ဆာဗေးမျိုး မတွေ့ချင်တော့ပါ။

ဘက်ပေါင်းစုံ တွေးတောစဉ်းစားပေးကြပါ

 

ကချင်ထိုးစစ် ရပ်စဲလိုက်ပြီဟု သတင်းထုတ်ပြန်ထားသည်။

တိုက်ပွဲများကား ဆက်ဖြစ်နေကြဆဲ။

မည့်သူ့အလွန်လို့ မပြောလိုတော့ပါ။

သေနတ်သံတိတ်ပြီး စကားသံညံစေချင်ပါသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အမြန်စပါ။

စားပွဲဝိုင်းတွင် တတ်နိုင်သမျှ ငြင်းခုံကြပါ။

ပြည်သူများက မျှော်လင့်နေကြပြီ။

အဆုံးအဖြတ်ပေးနိုင်မည့်သူများ ထွက်တွေ့ကြပါ။

တရုတ်ပြည်ကလည်း ရပ်ပေးဖို့ ပြောလာပါပြီ။

ဒုက္ခသည်များကို အ၀င်မခံဟု ယခင်က ဆိုခဲ့ဖူးသည်။

ထိုင်းနိုင်ငံကို လေးစားလောက်ပေသည်။

သူ့တွင် ဒုက္ခသည် ငါးသိန်းလောက် နှစ် ၂၀ ကျော်ရှိနေခဲ့သည်။

ဒီမိုကရေစီနိုင်ငံနှင့် အာဏာရှင်နိုင်ငံ ကွာခြားချက် ဖြစ်ပါလိမ့်မည်။

အီးယူကိုယ်စားလှယ်တစ်ဦးက ဂျီအက်စ်ပီဖြင့် ခြိမ်းခြောက်လာနေသည်။

ဒီအတိုင်းဆိုလျှင်  ဆိုင်းငံ့ထားသည့်ကိစ္စ ပြန်စဉ်းစားရဦးမည်ဟု ဆိုသည်။

ဖိအားကို မျှမျှတတပေးစေချင်သည်။

ဇစ်မြစ်နှင့် အချက်အလက်မှန်များကို သေသေချာချာသုံးသပ်ကြည့်ပါဦး။

 

မကြာမီ နိုင်ငံရေးဆွေးနွေးပွဲများ စတင်တော့မည်။

သက်ဆိုင်သူများ ပျော်နေကြမည်။

နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ကြရသည်။

ဖြစ်ရပ်များကို သင်ခန်းစာယူ၍ အနာဂတ်နိုင်ငံတော်အတွက် စဉ်းစားကြပါ။

မျိုးဆက်များက အနာဂတ်မဲ့နေကြသည်။

သူတို့အတွက် လမ်းဖွင့်ပေးကြပါဦး။

ပြေလည်လျှင် ၂၀၁၄ တွင် ပြည်ထောင်စုညီလာခံကြီးဖြစ်မည်။

မပြေလည်လျှင် ဒုံရင်းဒုံရင်း ဖြစ်မည်။

ရလာဒ်တစ်ခုခုတော့ ထွက်စေချင်ပါသည်။

အချင်းချင်း ဖိအားအလွန်မပေးကြပါနှင့်။ 

အဆင့်မြင့်နိုင်ငံရေးကို ကြိုးစားလုပ်ဆောင်ပေးကြပါ။

 

အယ်လဲဗင်းမီဒီယာကြီး ဟက်ခံလိုက်ရပြီ။

အိုင်တီခေတ်တွင် လုံခြုံရေးပေါ့ဆမရပါ။

ကိုယ့်လုံခြုံရေး ကိုယ်ဂရုစိုက်ပါ။

အခြားသူများကို လွှဲချမနေပါနှင့်။

ပစ္စည်းကောင်းကောင်းသုံးပါ။

လူကောင်းကောင်းသုံးပါ။

အချိန်မရွေး သတိရှိနေပါ။

သတိလစ်လျှင် ၀င်လာကြပါလိမ့်မည်။

မည်သူမျှ တားမရပါ။

ကိုယ့်ဖက်ကသာ အဆင့်မြင့်မြင့် ဟန့်တားနိုင်ဖို့ လိုပါသည်။

တိုင်းမဂ္ဂဇင်းပင် ဟက်ကာရန်မှ  မလွှတ်ခဲ့ပါ။

 

ဆက်သွယ်ရေးဝန်ကြီးနုတ်ထွက်သွားပြီ။

ဆင်းကဒ်များ တန်ဖိုးကျလာနိုင်ပါသလား။

အင်တာနက်ကုမ္ပဏီများကို ဖိတ်ခေါ်နေသည်။

ကုမ္ပကြီးများ ၀င်လာပါစေ။

လိုင်းမြန်မြန်ကောင်းလာပါစေ။

ဒေါင်းလုတ်မြန်မြန်ကျပါစေ။

မိုဘိုင်းအင်တာနက်များ အခနှုန်းထား နှစ်မျိုးကောက်ပါမည်

ကိုယ်ကြိုက်တာကို ရွေးချယ်နိုင်ပါသည်တဲ့။

အဓိကက လိုင်းကောင်းဖို့လိုပါသည်။

လိုင်ကောင်းနေလျှင် ဘာမှမဆိုးပါ။

 

ရန်ကုန်မြို့ပေါ်တွင် စိတ်ကြွဆေးပြား ၅ သိန်းမိသည်။

တန်ဖိုးက သိန်းနှစ်သောင်းကျော်ဟု ဆိုပါသည်။

ဒါမျိုး များများ ဖမ်းမိစေချင်သည်။

မူးယစ်ဆေးဝါး အားမပေးပါ။

တတ်နိုင်သမျှ မိအောင်ဖမ်းကြပါ။

ပင်လယ်ထက်က ရေခဲတောင်ကလေးလို ဖြစ်နေပါသလား။

အပေါ်ပိုင်းလောက်သာ မိနေသယောင်။

အောက်ပိုင်းတစ်ခုလုံးကို မိစေချင်ပါသည်။

ကြိုးစားဖမ်းဆီးပေးကြပါ။

အနာဂတ်သားကောင်းကလေးများ အန္တရာယ်ကင်းဝေးနိုင်ကြပါစေ။

 

လွှတ်တော်တွင် သမ္မတ၏အဆိုပြုချက် မဲခွဲရှုံးနိမ့်ခဲ့သည်။

ဥပဒေအထက်တွင်လွှတ်တော် ရှိသည်ဟု အဆိုခံလိုက်ရသည်။

ပြည်ထောင်စုလွှတ်တော်တွင် အရေးကြီးအဆို တင်ကြသည်။

ဒေါက်တာဆိတ်ဖွားအကြောင်း စုံစမ်းရေးကော်မရှင်ဖွဲ့မည်။

အင္တာနက္ဘေလာဂ္ဂါမ်ား သတိထားၾကပါ။

ရေးချင်တိုင်း ရေးလို့မဖြစ်တော့ဘူးလား။

လွှတ်တော်နှင့်ပတ်သက်လျှင် ဆင်ခြင်ကြရတော့မည်လား။

တရုတ်ပြည်ကို အားမကျစေချင်ပါ။

ပြည်သူ့အသံ စစ်စစ်မှန်မှန်များကို သိစေချင်ပါသည်။

ကိုယ့်ကို ဘယ်လိုပြောနေကြသလဲဆိုတာ မြင်ရပါလိမ့်မည်။

အင်တာနက်တွင် လူကြီးလူကောင်း ဆန်စေလိုသည်။

ညစ်ညစ်ညမ်းညမ်း မဆဲကြပါနှင့်။

ပြည်ထောင်စုလွှတ်တော်သည် ဥပဒေများကို ပြင်ဆင်/ဖြည့်စွက်/ဖျက်သိမ်း/ အသစ်ရေးနိုင်ပါသည်။

မှန်မှန်ကန်ကန် ဖြစ်သွားဖို့ကို ကြိုးစားပေးကြပါ။

အခုမှားလျှင်လည်း နောင်ပြင်ဆင်ကြဖို့ လုပ်ဆောင်ကြပါ။

အချိန်အခါနှင့် လက်တွေ့ကသာ အမှားအမှန်ကို ဖော်ပြပါလိမ့်မည်။

အားလုံး လောမကြီးကြပါနှင့်။

 

သတင်းစာများ ထုတ်ဝေခွင့်ရကြတော့မည်။

မီဒီယာလောကသားများ ပျော်နေကြသည်။

ဒီလှိုင်းကလည်း သတင်းစာပြောင်းပါမည်။

ကြံ့ခိုင်ရေးကလည်း သတင်းစာထုတ်တော့မည်။

အခြားသူများကလည်း ကြိုးစားနေကြသည်။

သတင်းထောက်များ ခေတ်ကောင်းနေပြီ။

နေရာတကာ ခေါ်ချင်သူများလှသည်။

နိုင်ငံပိုင်သတင်းစာကြီးက ရှေ့ကပြေးနေသည်။

အကျောများစွာဖြင့် အမှီလိုက်ကြရတော့မည်။

အခက်အခဲမျိုးစုံ ရင်ဆိုင်ဖြေရှင်းကြရဦးမည်။

စာဖတ်သူလက်ဝယ် နေချင်းရောက်အောင် ဘယ်လိုစီမံသွားကြမလဲ။

နောက်တစ်ရက်မှရောက်လာသော ယနေ့ထုတ်သတင်းစာကို မမြင်လိုပါ။

ဒီအတွက် ၀ိုင်းဝန်းညှိနှိုင်းကြိုးပမ်းပေးကြပါ။

ညီညီညွတ်ညွတ်လုပ်ဆောင်နိုင်လျှင် အခက်အခဲများကို ကျော်လွန်နိုင်ပါသည်။

သတင်စားဖိုးလေးတော့ မများစေပါနှင့်။

ဘက်ယိမ်းသော သတင်းစာများကိုပြန်မြင်ကြရတော့မည်။

ဒီမိုကရေစီခေတ်ကြီး အဓွန့်ရှည်နိုင်ပါစေ။

နိုင်ငံတော်ပိုင်သတင်းစာ ရှိသင့်ပါသေးသလား။

မြန်မြန်ဆန်ဆန် ပုဂ္ဂလိကပိုင် ပြုလုပ်လိုက်ပါ။

သတင်းစာတိုက်ပွဲ မကြာမီ ငွေရောင်ပိတ်ကားပေါ်တွင် မြင်တွေ့ကြရပါတော့မည်။

 

 

သတင်းတစ်ပုဒ်က အင်တာနက်တွင်ခေတ်စားနေသည်။

ခရိုနီတွေကငွေတွေကိုမယူရင် ဝေဖန်တဲ့သူတွေက ပေးနိုင်လို့လား တဲ့။

ထိုပါတီကြီးကို နှစ်၂၀ ကျော် ပြည်သူများက သွေး၊ချွေး၊မျက်ရည်များနှင့် ထောက်ပံ့ကျားကန် ပေးခဲ့ရသည်။

အခုတော့ ဒီလိုစကားမျိုး ပြောထွက်ပါပြီလား။

အလွန် စိတ်မကောင်းပါ။

ဒီမိုကရေစီရှေ့ဆောင်ပါတီကြီး ဘယ်လိုများဖြစ်နေပါပြီလဲ။

အမြင်မတော်တာများကို ကြားနေ ဖတ်နေရသည်။

ပါတီသတင်းများက ကြားမကောင်းပါ။

လိုင်းကလေးများ မရောပါစေနှင့်။

စစ်စစ်မှန်မှန် နိုင်ငံရေးကို ရှေ့ကဦးဆောင်လုပ်ပြကြပါ။

စပွန်ဆာနိုင်ငံရေးမျိုး၊ အဲန်ဂျီအိုနိုင်ငံရေးမျိုး မရောထွေးစေလိုပါ။

ပြည်သူများ၏ ဒီမိုကရေစီမျှော်လင့်ချက်ကလေး ပွန်းတိုက်စားခံနေရပြီလား။



ပညာရေးရံပုံငွေပွဲတော်ကြီး စည်စည်ကားကား ပြီးဆုံးသွားခဲ့သည်။
ခြိမ့်ခြိမ့်သဲ ကျင်းပသွားခဲ့သည်။
အလှူငွေများ အုံးအုံးကျက်ကျက်လှူဒါန်းကျသည်။
ဆွယ်တာတစ်ထည်တန်ဖိုး ဂရင်းနစ်စံချိန် ကျော်သွားပါသည်။
အဆိုတော်များအားလုံး တက်ညီလက်ညီ တက်ဆိုကြသည်
အလှူငွေများသိန်း ငါးထောင်ကျော် ရလိုက်ပါသည်။
ဒီလှိုင်းတွင်ငွေစာရင်းရှင်းပွဲအကြောင်း တွေ့လိုက်ရသည်။
ကုန်ကျစရိတ် သိန်းနှစ်ထောင်ဟု ဆိုပါသည်။
ပွဲတစ်ပွဲတန်ဖိုး မနည်းမနောပင်
တော်ရုံမည်သူမျှ ကျင်းပနိုင်မည် မဟုတ်ပါ။
အဆိုတော်များက မေတ္တာဖြင့် ကူညီကြသည် မဟုတ်ပါလော
တန်ရာတန်ကြေးများ ပေးလိုက်ရသလား
နဂိုအကျင့်စရိုက်များ မပျောက်သေးဘူး ထင်ပါသည်။
တာဝန်ခံများ တိုက်ဆောက်ကားစီးနေကြပြီလော
ခေါင်းဆောင်ကြီး ကျန်းကျန်းမာမာ ဆက်လက်ရှိနေပါစေ
သို့မှသာ လုပ်စားသူများ လက်မထောင်နိုင်ကြလိမ့်မည်

 

 

ဒီမိုကရေစီခေါင်းဆောင်ကြီး ဆုများသွားယူဦးမည်။

ကိုးရီးယားနှင့် အမေရိကားသို့ ရောက်ဦးမည်။

အဝေးကြီးသို့သွားသလို အနီးကလေးများကိုလည်း ရောက်စေချင်ပါသည်။

ကချင်လူထုက မျှော်လင့်နေကြသည်။

ထိုဆန္ဒကလေးများကို ဖြည်ဆည်းပေးပါဦး။

စိုးရိမ်ထိတ်လန့်နေသည်ကလေးငယ်များကို နွေးနွေးထွေးထွေး ပွေ့ဖက်ထားစေချင်သည်။

ထိုပုံများကို မြင်ရပါဦးမည်လော။

ရခိုင်ပြည်နယ်ကိုလည်း  ရောက်ဖို့သင့်ပါသည်။

ရခိုင်-ဘင်္ဂလီ ဖြစ်ရပ်သည် ပြေပြေလည်လည် မဖြစ်သေးပါ။

နိုင်ငံတကာတွင်လည်း ဂယက်ထနေပါသည်။

ထို့ကြောင့် တစ်ခေါက်လောက်တော့ သွားပေးပါ။

ရခိုင်များက မျှော်လင့်နေပါသည်။

သူတို့ကိုလည်း  သွားရောက်အားပေးပါဦး။

 

 

လက်ပံတောင်းတောင်ကြားဖြတ်အစီရင်ခံ သမ္မတံကြီးထံ ပို့လိုက်ပြီ။

အပြင်လူများသိခွင့်မရှိသေး။

ကော်မရှင်အစီရင်ခံစာထွက်လာမှ အားလုံးသိခွင့်ရမည်။

မျှော်လင့်ချက်ဖြင့် စောင့်မျှော်ကြပါဦး။

သပိတ်စခန်းများ ဖွင့်လှစ်ထားဆဲဖြစ်သည်။

အားလုံးက ဘာများဖြစ်လေမလဲ သိချင်နေကြပြီ။

ရခိုင်အရေးအခင်း ငြိမ်သက်နေဆဲပါ။

ဒုက္ခသည်များ စခန်းများလည်း ရှိနေပါသည်။

ကိုယ့်အိမ်ကိုယ်ပြန်နိုင်အောင် လုပ်ဆောင်ပေးဖို့ လိုပါသည်။

အားလုံးက ၀ိုင်းကူညီကြပါ။

နိုင်ငံတကာကိုလည်း အကူအညီဆက်လက်တောင်းခံပါ။

အိုင်အိုစီဆိုလျှင်တော့ ဂရုစိုက်ပါ။

အထိမခံနိုင်သောကိစ္စများပါနေလိမ့်မည်။

ရခိုင်များကလည်း စဉ်းစားကြပါ။

ရခိုင်တစ်မျိုးတည်း မဖြေရှင်နိုင်သည့်ကိစ္စကို  ဘယ်လိုပေါင်းလုပ်ကြမည်လဲ။

ရခိုင်အဖွဲ့အစည်းများ ညီညွတ်ကြပါ။

အတွင်းအပြင်ပေါင်းနိုင်မှသာ ရခိုင်ပြည်အတွက် ဆောင်ရွက်နိုင်ပါမည်။

တိုင်းရင်းသားအချင်းချင်း ပူးပေါင်းဆောင်ရွက်ကြပါ။

ရခိုင့်အရေးသည် မြန်မာပြည်အရေး ဖြစ်ပါသည်။

 

၂၀၁၅ တွင် ကိုယ့်ပြည်နယ်တွင် ကိုယ်အပြတ်အသတ်နိုင်ရမည်။

ကြွေးကြော်သံလေးကိုတော့ ကြိုက်နှစ်သက်ပါသည်။

ကိုယ့်အချင်းချင်း ညီညွတ်အောင် ကြိုးစားကြည့်ပါဦး။

ညီညွတ်သွားမှသာ ဒီစကားလုံးလေး မှန်နိုင်ချေရှိပါသည်။

သုံးနှစ်တာကာလတွင် ကြိုးစားကြည့်ပါ။ အားပေးပါသည်။

ကိုယ့်အင်အား အစစ်အမှန်ကို သေသေချာချာ တွက်ချက်ပါ။

ထန်းတက်ဆာဗေးမျိုးနှင့် မလုပ်ဆောင်ပါနှင့်။

မကြာမီ သန်းကောင်စာရင်းကောက်တော့မည်။

လူစာရင်း မှန်မှန်ကန်ကန်ထွက်လာနိုင်ပါသည်။

ထိုအခါကျမှ ဗျူဟာထပ်ချကြပါစို့။

နေရာတိုင်းတွင် ကိုယ်အင်အားများပါရဲ့လား။

လူဆိုသည်မှာ စိတ်အမျိုးမျိုး၊ကိုယ်အထွေထွေ ရှိပါသည်။

အတိအကျတွက်ချက်၍ မရနိုင်ပါဟု ဆိုချင်ပါသည်။

ဒီမိုကရက်တစ်အင်အားများ ညီညွတ်လျှင် ဖြစ်နိုင်ပါသည်။

 

တိုင်းရင်းသားများအရေး တစ်ခွန်းတော့ပြောချင်သေးသည်။

လူမျိုးကို ဘယ်လိုသတ်မှတ်ထားပါသလဲ။

ဥပဒေနှင့် ပြဌာန်းသတ်မှတ်ဖို့ လိုနေပါသလား။

သွေးနှောများကို ဘယ်လိုလူမျိုး သတ်မှတ်ကြမည်လဲ။

ပြည်နယ်နှင့် တိုင်းများတွင် တိုင်းရင်းသားလူမျိုးစု ၀န်ကြီးများ ရှိနေပါသည်။

သူ့အတွက် မဲပေးဖို့ လူစာရင်းရှိနေသည်။

ထိုအထဲတွင် ဘယ်လိုထည့်ကြပါမည်လဲ။

အဖေ ရှမ်း၊ အမေ ကချင် ၊ သားသမီးကို ဘယ်လူမျိုးသတ်မှတ်သင့်ပါသလဲ။

သုံးလေးမျိုးလောက် ရောနှောနေလျှင် ဘယ်လိုသတ်မှတ်သင့်ပါသလဲ။

သူတို့၏ မဲပေးပိုင်ခွင့် အခွင့်အရေးလေးတော့ ရစေချင်သည်။

ထုံးတမ်းစဉ်လာအရ သတ်မှတ်မည်လော။

အဖေ့ဖက်လိုက်မည်လော။

အမေ့ဖက် လိုက်မည်လော။

ဥပဒေပြဌာန်း၍ သတ်မှတ်မည်လော။

အားလုံးစဉ်းစားပေးကြပါ။

ဟာကွက်တစ်ခုကို ထောက်ပြခြင်း ဖြစ်ပါသည်။

 

 

လယ်သမားများကို အမတော်ကြေးတိုးပေးတော့မည်
၂၀၁၁ တုန်းက ၂၀၀၀၀ ရှိရာမှ ယခု တစ်သိန်းဖြစ်တော့မည်
ကုန်ကျစရိတ်က ဒီထက်ပိုပါသေးသည်
သို့သော်အဆင်ပြေနိုင်ပါလိမ့်မည်
စည်းကမ်းချက်များရှိနေပါသေးသည်။ 
ကြွေးကျေသူများကိုသာ ဆိုနေသဖြင့် ရာသီဥတုဖောက်ပြန်၍ အရှုံးပေါ်နေရသူများ ဘယ်လိုလုပ်ကြရပါမည်လဲ
၁၀ ဧကအောက်ရှိသူကိုသာ စည်းကမ်းလေးကို ပြင်ပေးပါဦး
ထိုသူများလည်း ငွေလိုနေပါသည်
သို့မဟုတ်ပါက ကျော်နေသမျှကို စိတ်ပိုင်းနေရဦးမည်
ကုမဏီကြီးများက ဧက ထောင်သောင်းချီပိုင်နေပါသည်
၁၀ ဧကအထက်ပိုင်ဆိုင်သော မြန်မာတောင်သူလယ်သမားများကို ထည့်စဉ်းစားပေးပါဦး
လယ်များလေ ပိုငွေလိုလေ ဖြစ်ပါသည်
သူတို့သည် ချမ်းသာသူများလို့ စာရင်းမှတ်သားထားဆဲပါလား
ထိုသူတို့အလုပ်ပိုလုပ်နိုင်လေ စပါးများများထွက်လေဖြစ်ပါမည်
တနည်းတလမ်းဖြင့် စဉ်းစားပေးကြပါ
သို့မဟုတ်ပါက လွှတ်တော်တွင် ဥပဒေပြုဖို့ တိုက်တွန်းကြရပါလိမ့်မည်
လုပ်ပေးနိုင်လျှင် လုပ်ပေးကြပါ။

 

 

No comments:

Post a Comment