Monday, February 11, 2013

မိုးကုတ်ကိုတိုးနှင့် အမှတ်တရနေ့ရက်များ(၁) 10020213SUN 9:30PM

မိုးကုတ်ကိုတိုးနှင့် အမှတ်တရနေ့ရက်များ(၁)  10020213SUN 9:30PM

 

            အမှတ်တရ၊ သတိတရဖြစ်စေမယ့် ကိစ္စရပ်လေးတွေက လူတိုင်းမှာရှိပါတယ်။ အနည်းအများ နည်းနည်းလေးကွာခြားကြမှာပါ။ ထိုနည်းတူ ကျွန်တော့်မှာလည်း ရှိပါတယ်။ အထူးသဖြင့် နိုင်ငံရေးလောကထဲကို ရောက်ခဲ့တဲ့ ရှစ်လေးလုံးစတဲ့နေ့ ၈-၈-၁၉၈၈ ခုကတည်းကဆိုရင် အခုဒီနေ့အချိန်ကာလအထိ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ပြောစရာတွေ အများကြီး ရှိနေပါတယ်။ နှစ် ၂၀ ကျော်ကာလအတွင်းမှာ ကျွန်တော်က နယ်မြို့လေးက မြို့နယ်အတွင်းရေးမှူး အဆင့်လောက်ဆိုတော့ ကျွန်တော့်လုပ်ရပ်တွေက  နိုင်ငံနဲ့ချီပြီး ပြောရအောင်တော့ သိပ်မရှိခဲ့ဘူး။ ဒါပေမယ့် နိုင်ငံနဲ့ ချီပြီး တွေးခဲ့တာတွေကတော့ ရှိခဲ့ပါတယ်။

            ကျွန်တော်ရဲ့မိခင်ပါတီကြီး အခုတော့ ပါတီသစ်ကြီးဖြစ်သွားခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကြီး   ပါတီဟောင်းဘ၀ဖြစ်နေတုန်းက မှတ်ပုံထပ်မတင်တော့ဘူးလို့ ဆုံးဖြတ်ခဲ့တဲ့ ၂၉-၃-၂၀၁၀ ရက်နေ့နောက်ပိုင်းကစပြီး ကျွန်တော့်ရဲ့ နိုင်ငံရေးဘ၀က တဆစ်ချိုးပြောင်းသွားခဲ့တယ်။ အစည်းအဝေးတက်ရောက်ခွင့်ရှိတဲ့သူ တစ်ယောက်မဟုတ် တာကြောင့် ဒီအစည်းအဝေးကြီးမှာ ဘယ်လိုတွေအပြန်အလှန်ဆွေးနွေးကြပြီး ဘယ်လိုဆုံးဖြတ်လိုက်လို့ မှတ်ပုံထပ်မတင် နိုင်ဘူး၊ ရွေးကောက်ပွဲမ၀င်နိုင်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ဖြစ်လာတာလဲဆိုတာကို  တွေးဆလို့ မရတာကြောင့် ကျွန်တော်ဖာသာ စာတမ်းတစ်စောင်ရေးဖြစ်ခဲ့တယ်။ အဲ့ဒီစာတမ်းကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှု ဆောင်ကော်မတီသို့ အိတ်ဖွင့်ပေးစာဆိုပြီးခေါင်းစဉ်တပ်ပြီး အွန်လိုင်းကနေ တင်လိုက်တယ်။ ပို့စရာရှိတဲ့ သတင်းဌာနတွေကိုလည်း အီးမေလ်းနဲ့ ပို့လိုက်တယ်။  ရက်စွဲကတော့ ဧပြီလ ၇ ရက်၊ ၂၀၁၀ ။ တုန့်ပြန်တာကတော့ အာဖက်အေကပဲ မေးချင်တယ်လို့တစ်ယောက်က  ပြောတယ်။ မိတ်ဆွေတစ်ယောက်ကတော့ ပစ်ပစ်ခါခါကို ဝေဖန်တယ်။ ဒီစာရေးတဲ့လူဟာ အမတ်နေရာမက်နေသူတဲ့။ မဆလလက်သစ်တဲ့။ ဘာရေးထားတယ်ဆိုတာကတော့ နောက်ဆက်တွဲ မှာ  ဖတ်ကြည့်ကြပေါ့ဗျာ။ ကျွန်တော်တွေးတဲ့ အတွေးတွေ ဘယ်လောက်အထိ မှန်သလဲဆိုတာ။

             NLD နဲ့ပတ်သက်ပြီး မှတ်မှတ်ရရ တစ်ခုပေါ့ဗျာ။ ရေဒီယိုကနေ ဗွီအိုအေမှာ  ဦးတင်ဦးက ဖျက်သိမ်းရေးကော်မတီဖွဲ့လိုက်ပြီလို့ ပြောလိုက်လို့ ကျွန်တော်နဲ့ ဦးလှဦး (မြို့နယ်ဥက္ကဌ )တို့ကလည်း မိုးကုတ်ရုံးကပစ္စည်းတွေစာရင်းလုပ်၊ လာသိမ်းရင် ပေးနိုင်အောင်လုပ်၊ သိမ်းစရာရှိတာသိမ်း၊ ယူစရာရှိတာယူ၊ မိုးကုတ် NLDရဲ့ မှတ်တမ်းတွေအားလုံးက ကျွန်တော့်ဆီမှာ သိမ်းထားတယ်။ နောက်ဆုံး မြို့နယ်အလုပ်အမှုဆောင်တွေထဲက ကျန်တဲ့သူတွေ တွေ့ဆုံပြီး နောက်ဆုံးအမှတ်တရဓာတ်ပုံရိုက်၊  ရုံးခန်းကို ပိုင်ရှင်ဦးအောင်ကျော်ဆီကို ပြန်အပ်ခဲ့တာကို သတိရတယ်။ အခုတော့ ပါတီဖျက်သိမ်းရေးကော်မတီ ဖွဲ့ပြီးလုပ်ခဲ့တယ်ဆိုတာကိုတောင် အသိမခံရဲတော့ဘူး။ ရန်ကုန်ရုံး ချုပ်မှာလည်းပဲ အဲ့ဒီအချိန်က ရှိသမျှပစ္စည်တွေကိုစာရင်းလုပ်၊ ပစ်သင့်တာပစ်၊ဖျက်သင့်တာဖျက်နဲ့  ပို့သင်တာပို့၊ ဖျောက်သင့်တာဖျောက် လုပ်သွားခဲ့တယ်လို့ ဆိုတယ်။

            အမျိုးသားဒီမိုကရေစီအင်အားစုထောင်မယ်ကြားတော့ ဟိုဆက်ဒီဆက်နဲ့ နောက်ဆုံး ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းနဲ့ ကိုမျိုးဇော်အောင်တို့နဲ့ ဖုန်းအဆက်အသွယ်ရလိုက်တယ်။ မိုးကုတ်က အင်အားစုတွေက  ဦးခင် မောင်ဆွေတို့ကို ကူညီမယ်လို့ ပြောလိုက်တယ်။ အဲ့ဒီအင်အားစုဆိုတာကတော့ သိပ်မကြီးလှပါဘူး။ ရွေးကောက်ပွဲ လမ်းကြောင်းကို သွားသင့်တဲ့ဆိုတဲ့ အုပ်စုကလေးပါ။  ကျွန်တော်ရယ်၊ စာရေးဆရာကိုထက်နိုင် (တလုတ်မြို့)၊ ကိုရဲအောင်၊ ကိုဝင်းဌေး၊ ကိုစိုးမြင့်၊ ကိုကျော်ကျော်မျိုး၊ ကိုဝင်းထိုက်၊ ကိုဖိုးအောင်၊ ကိုသက်နိုင်၊ တို့ဖြစ်တယ်။ ဒီလူတွေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ကျွန်တော်တို့ ခက်ခက်ခဲခဲ ရင်ဆိုင်ဖြတ်သန်းခဲ့ တယ်။

            မန္တလေးတိုင်းစည်းဖွဲ့မယ်လုပ်တော့လည်း ရှိတဲ့လူတွေနဲ့ ၀ိုင်းလုပ်ကြတယ်။ အဖွဲ့ဖွဲ့ဖြစ်အောင်ဖွဲ့ပြီး တာဝန်ယူကြတယ်။ ဦးတင်အောင်အောင်၊ ဦးမြင့်သွင်နဲ့ ဦးကျော်အောင်၊ ဦးမြင့်ဌေးတို့က တအားပေါ့။ ပါတီဖွဲ့စည်းရေး အတွက် မေလ အလွန်ပူနေတဲ့အချိန်မှာ မေလ ၃၀၊  ၂၀၁၀ မှာ  ကိုမျိုးဇော်အောင်နဲ့ ပထမအကျြိမ်တွေ့ဖို့ မန္တလေးကို ကိုထက်နိုင်ရဲ့ ဆိုင်ကယ်နဲ့ ဆင်းလာတယ်။ ဒီဆိုင်ကယ်နဲ့ပဲ မိုးကုတ်-မန္တလေးလမ်းကို အကြိမ်ကြိမ်အသွားအပြန် မောင်းခဲ့ကြတယ်။ မိုးသည်းသည်းမည်းမည်းရွာတဲ့ အချိန်၊ ဆောင်းမြူတွေဆိုင်းနေတဲ့ အချိန်၊ ညပိုင်းအချိန်တွေက နှစ်ယောက်သား ဆိုင်ကယ်နဲ့ သွားလာခဲ့တာကို သတိတရပါပဲ။ အဲ့ဒီတုန်းကတော့ ကိုယ့်ရည်ရွယ်ချက်နဲ့ ကိုယ်ဆိုတော့ ပင်ပန်းတာကို လုံးဝဂရုမစိုက်ခဲ့ဘူး။ လမ်းမှာ ဆိုင်ကယ်လဲလို့၊ ချိန်းပြတ်လို့၊ ဘီးပေါက်လို့ ဆိုတာတွေကို ခဏခဏကြုံခဲ့ ရတယ်။

            ကိုမျိုးဇော်အောင်ကို ပထမအကြိမ်ဆုံဖူးတာကလည်း ၂၀၀၉ ခုနှစ်လောက်က မိုးကုတ်ကို သူရောက်လာတုန်း ကပါ။ တကယ်လို့ NLD ရွေးကောက်ပွဲမ၀င်ဘူးဆိုရင် ဘာလုပ်ကြမလဲဆိုတဲ့ မေးခွန်းကို လာမေးတာ။ ကျွန်တော်တို့က တော့ရှင်းတယ်။ NLD ရွေးကောက်ပွဲမ၀င်ရင် ရွေးကောက်ပွဲဝင်မယ့် အခြားပါတီတွေနဲ့ ဆက်သွယ်လုပ်ဆောင်ရမယ်လို့ သဘောထားပေးခဲ့တယ်။ ကျွန်တော်တို့အတွက်ကတော့ ရွေးကောက်ပွဲဆိုတာ တရားဝင်လမ်းကြောင်းထဲက အမြင့်ဆုံး အားပြိုင်မှုတစ်ခုလို့ ခံယူထားတယ်။ ၂၀၀၈ အတည်ဖြစ်ကတည်းက ရွေးကောက်ပွဲအတွက် ပြင်ဆင်ထားဖို့လိုပြီလို့ ယူဆထားတယ်။ ဒါကြောင့် ၂၀၁၀ ကိုရင်ဆိုင်ခြင်းဆိုတဲ့ စာတမ်းတစ်စောင်တောင် ကိုယ့်မြို့နယ်ကိုအခြေတည်ပြီး ပြုစုတယ်။ ပြီးတော့ ဒေါ်မေနှင်းကြည်ကနေတစ်ဆင့် NLD ဗဟိုကို ပါးလိုက်တယ်။  ဒါကတော့ ကိုမျိုးဇော်အောင်နဲ့ ပထမဆုံးအကြိမ် တွေ့ခဲ့ခြင်းပါပဲ။ တွေ့တာကလည်း ကိုယ့်အိမ်မှာပဲ။  အခုတော့ ကိုမျိုးဇော်အောင်လည်း နိုင်ငံရေးလောက ကနေ လွင့်စင်ပြီး ပညာရေးလောကထဲရောက်သွားပြီ။  Innovation ACADAMY မှာ ဥက္ကဌ လုပ်ပြီး စွမ်းရည်ဖွံ့ဖြိုးရေးသင် တန်းတွေ ပေးနေတယ်။ သူရဲ့ အခြေခံဥပဒေတွေနဲ့ ပတ်သက်ပြီး ကျွမ်းကျင်နားလည်မှုကို အခုပြန်သတိရတယ်။ သူ့အမြင် ကလေးတွေကို ဆွေးနွေးချင်မိတယ်။

            အီးဂရက်နဲ့ ဒေါက်တာနေ၀င်မောင်နဲ့ ပထမဦးဆုံး ဆုံခဲ့ဖူးတာကလည်း သတိတရဖြစ်စရာပါ။ မန္တလေးမှာ အီးဂရက်က မန္တလေးဆွမ်းဟိုတယ်မှာ ဇူလိုင်လ ၁၇ရက်ကနေ ၁၉ ရက်အထိ သင်တန်းသုံ့းရက်လာပေးတယ်။ ဒါကို သင်တန်းတက်ဖို့ မိုးကုတ်ကနေ ကိုထက်နိုင်၊ကိုဝင်ဌေး၊ကိုဖိုးအောင်နဲ့ ကျွနတော်တို့လေးယောက် ဆိုင်ကယ်င်္နှစ်စီးနဲ့ ဆင်းလာတယ်။ မန္တလေးတိုင်းအစည်း အဝေးပါ တစ်ပါတည်းတက်ရင်း။ တည်းတော့ ကိုဝင်းဌေးအိမ်မှာ။  ဦးမြင့်ဌေးက မိတ်ဟောင်းဆိုတော့ လိုက်မိတ်ဆက်ပေးလို့ ဟော်တယ်မှာပထမဦးဆုံး ဒေါက်တာနေ၀င်မောင်ကို တွေ့ဖူးတယ်။ ဘောင်းဘီတိုနဲ့ စီးကရက်နဲ့ လူ။ အီးဂရက်သင်တန်း သုံးရက်ကလည်း ကျွန်တော်တို့နယ်မှာအနေများသူတွေ လုံးဝမတွေ့ မကြုံဘူးတဲ့ သင်တန်း အသစ်အဆန်းတစ်မျိုး။ အခုတော့ ဒီလိုသင်တန်းတွေ ဗွက်ထနေပြီ။ ကျွန်တော့အတွက်ကတော့ အတွေ့အကြုံသစ်ကြီးပဲ။ သင်တန်းပို့ချပုံ၊ သင်တန်းသားတွေ စုပေါင်းဆွေးနွေးပုံ၊ မေးခွန်းမေးပုံ၊ ကျွေးမွေးပုံတွေဟာ အသစ်အဆန်းပဲ။ ရှေ့နေ ဦးအောင်ခိုင်ကတော့ အမေးအမြန်းအထူဆုံး။ ကျွန်တော်လုပ်ရတာ အခက်ဆုံးကတော့ သင်တန်းသားတွေကိုယ်တိုင်ပါဝင်ရတဲ့ သရုပ်ပြမှုပဲ။ အဲ့ဒီထဲမှာ ကိုယ်လည်းတစ်ယောက်အဖြစ် ပါဝင်ရတာက တော်တော် ခက်တာပဲ။

ဒီထဲမှာ ပိုပြီးအမှတ်တရဖြစ်စေတာကတော့ နေ့လည်စာကျွေးတဲ့အချိန်မှာ ကျွန်တော်တို့အတွက် နေရာမလောက် လို့ သင်တန်းဆရာတွေဖြစ်တဲ့ ဒေါက်တာနေ၀င်းမောင်၊ ဒေါ်အေးမြလှိုင်၊ မနန်းသိဂီ င်္ တို့နဲ့ တစ်ဝိုင်းတည်းစားခဲ့ရတာတယ်။ အဲ့ဒီဓာတ်ပုံတွေက အခုတော့ အတော်တန်ဖိုးရှိသွားပြီ။

ရန်ကုန်ရောက်ရင် အီးဂရက်ကသင်တန်းတွေ တက်မယ်လို့ စိတ်ကူးပေမယ့် ကိုယ်ရတဲ့အချိန်နဲ့ အီးဂရက်ရဲ့ တနေကုန်တက်ရမယ့်အချိန်တွေကြောင့် အချိန်မပေးနိုင်တော့လို့ လုံးဝမတက်ဖြစ်တော့ဘူး။ ရုံးအလုပ်ကလည်း ကိုယ့်က အများဆုံးတာဝန်ယူထားခဲ့တော့ ကိုယ်ပဲ ဘယ်နေရာဘာရှိလဲ သိနေတယ်။ အခြားသူတွေက မသိကြဘူး။ ရန်ကုန်လာ တုန်းကတော့ ဌာနချုပ်သုတေသနဌာနမှာလုပ်ဖို့။ နောက်ဆုံးလုပ်ရင်းလုပ်ရင်း ရုံးအုပ်ချုပ်ရေးမှူးအလုပ်၊ စာစီစာရိုက်နဲ့ ၀င်စာထွက်စာ၊ ပြန်ကြားရေးအလုပ်၊ အင်တာနက်အလုပ်၊ အီးမေလ်း၊ ဖေစ်ဘုတ်နဲ့ ၀က်ဆိုက်တွေတင်ဖို့အလုပ်တွေ၊  ရွှေခမောက်စာစောင် အယ်ဒီတာချုပ်အလုပ်တွေနဲ့ နပမ်းလုံးနေရတဲ့အဆင့် ဖြစ်သွားခဲ့ပြိ။ ဒီကြားထဲမှာ ရယ်စရာဖြစ် ရပ်တွေကလည်း ဖြစ်လာသေးတယ်။ မြို့နယ်ကလာတဲ့ မြို့နယ်စည်းတစ်ယောက်က ဒီစားဖိုမှူက ဘာသိလို့ ၀င်ဝင်ပြောနေရတာလဲလို့ အခြား တစ်ယောက်ကို မေးတယ်ဆိုပြီး ပြန်ကြားရတယ်။ ကျွန်တော်က မနက်ပိုင်းမှာ ရုံးကို ပါတီခေါင်းဆောင်တွေလာရင် အဆင်သင့် ဖြစ်နေအောင် ထမင်းချက်၊ ရေနွေးအိုးတည်၊ ပုဂံဆေးလုပ်နေတာကို မြင်နေကြတာကိုး။ ဒါကြောင့်မို့ ထင်လည်းထင်လောက်ပါတယ်။ ဒါကလည်း အမှတ်တရဖြစ်စရာပါပဲ။  ပြောရင်းပြောရင်းနဲ့ ပြောနေတဲ့လမ်းကြောင်းက ပြောချင်တဲ့လမ်းကြောင်းနဲ့ နည်းနည်း လွဲလာပြီ။

            အီးဂရက်သင်တန်းကတော့ အခြားသူတွေတော့ မသိဘူး။ ကျွန်တော့်အတွက်ကတော့ မျက်စီပွင့်စေတယ်။ဒါက လည်း စာဖတ်နာထားတဲ့ အကျိုးလဲပါတယ်။ စာစုံဖတ်ထားတော့ ဘာဆိုလိုတာကို သိနေတယ်။ ကိုယ့်အတွက် အားလုံးက လိုက်လိုရနေတယ်။

            ဦးခင်မောင်ဆွေနဲ့ ပထမဦးဆုံး တွေ့ဆုံဖူးတာကိုလည်း ပြန်သတိရတယ်။ ၂၅-၆-၂၀၁၀ ရက်နေ့က ဦးခင်မောင်ဆွေတို့ မန္တလေးလာမယ် ဆိုလို့ မိုးကုတ်ကနေ ဆင်းလာတယ်။ သူတို့တည်းမယ့် မန္တလေးထွန်းလှဟိုတယ်မှာ သွားစောင့်ကြတယ်။ လာတာက တော့ ဦးစိုးဝင်းကားနဲ့။ ဦးစိုးဝင်းကို အဲ့ဒီတုန်းက သိပ်မသိဘူး။ ကားပေါ်ကဆင်းလာတဲ့ ဦးခင်မောင်ဆွေကို ကျွန်တော်က မိုးကုတ်က ကိုတိုးတိုးပါ ဆိုပြီး မိတ်ဆက်လိုက်တယ်။  ဒါက ပထမဦးဆုံး တွေ့ဆုံချင်းပဲ။ အရင်တုန်းကတော့ အံတီနီ( ဒေါ်မေနှင်းကြည်- မိုးကုတ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) ကနေ တဆင့် မိုးကုတ် လူငယ်တွေကို ဒီလိုမေးခွန်းတွေနဲ့ပတ်သက်လို့မေးရင် ဦးခင်မောင်ဆွေက ဘယ်လိုပြောလိုက်ပါ၊ ဘယ်လိုဖြေလိုက်ပါ ဆိုတာတွေ နဲ့ပဲ ကြားခဲ့ဘူးတယ်။ ဦးခင်မောင်ဆွေ၊ ဦးစိုးဝင်း၊ ဦးစိန်လှဦး တို့ ပါတယ်။  နောက်တနေ့ ဦးတင်အောင်အောင်အိမ်မှာ တိုင်းစည်းနဲ့တွေ့ပြီး ဆွေးနွေးပွဲပြုလုပ်ခဲ့တယ်။

            ရန်ကုန်ရုံးဖွင့်ပွဲ (၁-၈-၂၀၁၀)ကို တက်ဖို့ မိုးကုတ်ကနေ ကိုထက်နိုင်၊ ကိုဝင်းဌေးနဲ့ ကျွန်တော်တို့ လာခဲ့တယ်။ မန္တလေးတိုင်းအဖွဲ့နဲ့ ကားစီးပြီးလာတယ်။ ရန်ကုန်ကို မရောက်တာကတော့ ၁၉၉၂ ကတည်းကဆိုရင် ၁၈ နှစ်လောက် ရှိပြီ။ စီးပွားရေးတက္ကသိုလ်တက်တုန်းကတော့ အသွားအပြန် ရထား။ ညဆိုရင် လမ်းဘေးဘာရှိလဲ မမြင်ရ။ ရန်ကုန်-မန္တလေး ကားစီးချင်တာ အခုမှ ပြည့်တော့တယ်။ အမြန်လမ်းသစ်ကဆိုတော့ သူတို့ပြောတာကို နားထောင်းရင်းနဲ့ ရန်ကုန်ရောက် သွားတယ်။ ကိုယ်မရောက်တဲ့နှစ်တွေအကြာကြီးနောက် ရန်ကုန်က ဘယ်လိုမှ မမှတ်မိနိုင်တော့ဘူး။ တည်းတော့ ဗဟန်း ငါးထပ်ကြီးဘုရားလမ်းက သိမ်ကုန်းပရိယတ္တိစာသင်တိုက် က ကာလကတ္တားကျောင်း။ ဦးကျော်အောင်တို့ မန္တလေးအုပ်စု တည်းနေကျ၊ နိုင်ငံရေးသမားတွေ တည်းတဲ့နေရာ။

            ရုံးဖွင့်ပွဲကျမှ NDF ခေါင်းဆောင်တွေကို အားလုံးမြင်ရတယ်။ တစ်ဦးနဲ့တစ်ဦး ၀မ်းမြောက်ဝမ်းသာ နှုတ်ဆက်ကြတယ်။ အဲ့ဒီအခါကျမှ ဒေါက်တာသန်းငြိမ်းကို မြင်ဖူးတယ်။ ကျွန်တော်ပြုစုထားတဲ့ NDF ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းဆိုတဲ့ စာတမ်းကို ပေးခဲ့တယ်။  ပါတီစတင်လာချိန်ကနေ နောက်ဆုံး အာဇာနည်နေ့အထိ အင်တာနက်က နေ ရတဲ့သတင်းတွေကို ပြုစုထားတာ။ နောက်ဆက်တွဲ ဖတ်ကြည့်နိုင်ပါတယ်။

            ပါတီခေါင်းဆောင်တွေက ကျွန်တော်ကို စာနဲ့သိနေတယ်။ ကျွန်တော်ရေးသားတဲ့ NLD C EC သို့ အိတ်ဖွင့်ပေးစာ၊ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ ဒုတိယမြောက်ကာလ( အမျိုးသားဒီမိုကရေစီအင်အားစုပါတီကိုကြိုဆိုခြင်း)၊ နောက်ပြီး ၂၀၁၀ ကိုရင်ဆိုင်ခြင်းဆိုတဲ့ စာတမ်းတွေက ဗဟိုခေါင်းဆောင်တွေဆီရောက်ပြီး ဖတ်ဘူးနေကြတယ်။  ၂၀၁၀ ကိုရင်ဆိုင်ခြင်းနဲ့ အိတ်ဖွင့်ပေးစာကတော့ အမျိးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်တွေကို ပို့ခဲ့တာပါပဲ။ ဒါပေမယ့် ဘာမှ ပြန်ကြားချက် မရှိပါ။ အရင်က မိုးကုတ်မြိုနယ်အနေနဲ့ ဗဟိုဆီရေးတင်တဲ့စာတွေ ရှိခဲ့ပါတယ်။ လုပ်သင့်တာတွေကို တင်ပြထားတာ မို့   ပြန်ဖတ်ကြည့်မိရင် ကိုယ့်အင်အားစုဘက်က ဘယ်လောက်အထိကို အားနည်းခဲ့တယ်ဆိုတာ မြင်နေ ရတယ်။ ဒါကြောင့်လည်း ကိုယ်ကအခုNDF ဖြစ်နေတာကိုး။ ဘာကြောင့်လဲဆိုတော့ ဘာဖြစ်လို့ မလုပ်ကြတာလဲ၊ မမြင်ကြ တာလဲ ဆိုတာကို မေးခွန်းထုတ်ရင်း၊ ဆန်းစစ်ရင်း၊ သုံးသပ်ရင်း ကိုယ့်အရည်အချင်း၊ သူ့အရည်အချင်းတွေကို နှိုင်းဆလို့ရ လာတယ်။ တစ်ခါမှ ရင်းရင်းနှီးနှီး မတွေ့ဘူး၊ မမြင်ဘူး၊ မနေဖူးပေမယ့် ပြောစကား၊ ကြားစကား၊ လုပ်ရပ်တွေနဲ့ ပြောဆိုချက်တွေကိုကြည့်ပြီး ဝေဖန်သုံးသပ်ကာ ဆုံးဖြတ်ကြည့်နိုင်ခဲ့တယ်။  ကျွန်တော်တို့ဟာ သမိုင်းတစ်ခေတ်မှာ တာဝန်ကျေခဲ့ပြီဆိုတာကို  ကြည်ကြည်နှုးနှုးနဲ့ ခံစားမိပါတယ်။ ကိုယ့်လုပ်ရပ်အတွက် ဂုဏ်ယူမိပါတယ်။   ဘယ်သူတွေက ဘယ်လိုပြောပြော ကျွန်တော်တို့ဟာ ပြည်သူတွေအပေါ် သစ္စာမဖောက်ခဲ့ဘူး၊ ပြည်သူတွေ အတွက် ရှေ့ကနေ ရှိသမျှအင်အားနဲ့ မားမားရပ်ပေးခဲ့တယ်ဆိုတာကတော့ ဘက်မလိုက်တဲ့ သမိုင်းဖြစ်ရပ်မှန်ရေးခဲ့ရင် ပေါ်လာပါလိမ့်မယ်။

            မန္တလေးတိုင်းထဲက ဦးတင်အောင်အောင်တို့၊ ဒေါက်တာလှစိုးညွှန်တို့၊ ဦးမြင့်သွင်တို့၊ ဦးကျော်အောင်တို့၊ ကိုနေမင်းကျော်တို့၊ ဦးအောင်ခိုင်တို့၊ ဦးမြင့်ဌေးတို့ ဆိုတာ  NDF လုပ်မှ ရင်းရင်းနှီးနှီး ကျွမ်းဝင်ခဲ့ကြရတာပါ။ ကျွန်တော်ရေးတဲ့ စီအီးစီသို့အိတ်ဖွင့်ပေးစာနဲ့  NDF ကို ကြိုဆိုခြင်းစာတမ်းနှစ်စောင်ကလည်း အတော်ပေါက်တာပါလား။ စာကိုသိနေကြပြီး လူကို တွေ့ချင်နေကြတာ။ သူတို့နဲ့ မိတ်ဆွေဖြစ်ခဲ့ရတာကလည်း အထူးဝမ်းသာပါတယ်။ ဒေါက်တာလှစိုးညွှန့်ကို ပိုပြီး ခင်မိတယ်။  ဆရာနဲ့ ပထမဦးဆုံး ဆုံမိတာကတော့ အီးဂရက်ရဲ့ မန္တလေးသင်တန်း နောက်ဆုံးနေ့မှာ စပို့ရှတ်အမည်း ၀တ်လာတဲ့ ဆရာနဲ့ ဦးကျော်အောင်တို့က မိတ်ဆက်ပေးတယ်။  နောက် မန္တလေးတိုင်းစည်း အစည်းအဝေးလုပ်တော့ ဆရာပါလာပြီး နောက်ပိုင်းမှာ ဆရာက မန္တလးတိုင်းဥက္ကဌ ဖြစ်လာတယ်။ ဆရာအိမ်က စာအုပ်တွေနဲ့ ဖတ်တဲ့ စာအုပ်အမျိုးအစားကလည်း တူနေလို့ အလွန် အထင်ကြီးခဲ့မိတယ်။ ဆရာရဲ့ ဆုံးဖြတ်၊သုံးသပ်တာရယ်၊ မိန့်ခွန်းပြောတာတွေကလည်း ကျွန်တော့်အတွက်ကတော့ ပညာယူစရာပဲ။ ဘယ်လိုမှ လိုက်မမှီနိုင်ဘူး။ ပြီးတော့ လိုအပ်တာကို ကူညီပေးသလို အိမ်မှာတည်းခိုခွင့်လည်း ပေးထားတယ်။ မန္တလေးရောက်ရင် ဆရာ့အိမ်မှာ တည်းပါတယ်။ ဆရာလှစိုးညွှန့်ကလည်း ကျွန်တော့်အတွက် အမှတ်တရဖြစ်စရာပါပဲ။

            ဆရာဦးမြင့်သွင်နဲ့ကလည်း   NDF လုပ်မှ သေသေချာချာသိတယ်။ NLD တုန်းက သိပ်မသိခဲ့ဘူး။စိတ်ထဲမှာ မှတ်မှတ်ရရ မရှိခဲ့ဘူး။ အခု ထဲထဲဝင်ဝင် တာဝန်ယူမှ သေသေချာချာ သိလာရတယ်။ ပြုံးချိုချိုနဲ့ အေးအေးဆေး ဆေးပြောတဲ့ ဦးမြင့်သွင်ကို မျက်လုံးထဲမှာ မြင်ယောင် နေ တယ်။ သူတို့ရှိတုန်းကတော့ မန္တလေးတိုင်းဟာ အားတစ်ခုပါ။ သူတို့နှစ်ဦးစလုံး  ပါတီကနေ နှုတ်ထွက်သွားတော့ မန္တလေးတိုင်းဟာ အားလျော့သွားခဲ့ရပေမယ့် ကျန်တဲ့သူတွေကတော့ ဆက်ပြီးရပ်တည်နေကာ နိုင်ငံရေးလှုပ်ရှားမှုတွေကို ဆက်လက်လုပ်ဆောင်နေကြပါတယ်။ လုပ်နိုင်တဲ့အတိုင်းအတာတစ်ခု ကနေ လုပ်နေကြတယ်။ ပါတီပုံရိပ်တက်နိုင်ဖို့ ကောင်းမွန်တဲ့နည်းလမ်းတွေနဲ့ သုံးပြီး ကြိုးစားနေကြတယ်။  လူထုစစ်တမ်း ကောက်ယူမှုတို့၊ မကြာမီလုပ်မယ့် တောင်သူလယ်သမားများနှင့် NDF ပါတီခေါင်းဆောင်များ တွေ့ဆုံပွဲမျိုးလို့ ပွဲတွေ ကျင်းပနိုင်ခဲ့တယ်။ ဈေးရောင်းပွဲတော်တွေကိုတောင် ပါတီနာမည်နဲ့ ကျင်းပနိုင်အောင် မန္တလေးတိုင်းစည်းအဖွဲ့က လုပ်ဆောင်နိုင်ခဲ့ကြတာကို ချီးကျူးပါတယ်။ ၂၀၁၁ အောက်တိုဘာလတုန်းကလည်း NDF ကဦးဆောင်ပြီး အဇွဲ့အစည်းစုံ ပါဝင်တဲ့ နိုင်ငံရေးသင်တန်းတစ်ခု လမ်း ၃၀ က မင်္ဂလားဈေးနားမှာ ငါးရက်ကြာပြုလုပ်နိုင်ခဲ့တာကလည်း မှတ်မှတ်ရရပါပဲ။ မှတ်တမ်းတစ်ခု အဖြစ်ကတော့ ကျန်နေခဲပြိ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ပြန်ကြားရေးအလုပ်လုပ်ရတော့ သင်တန်းပို့ချတဲ့ သင်ခန်းစာတွေ မိတ္တူကူး၊ ဓာတ်ပုံရိုက်၊ ဗီဒီယိုရိုက်၊ MP3 နဲ့ အသံဖမ်း အားလုံးလုပ်ရတယ်။ အဲ့ဒီတုန်းကတော့ သတင်း တွေကို ကိုမျိုးဇော်အောင်က အင်တာနက်တင်တော့ ကျွန်ကော့်မှာ တာဝန်မရှိဘူး။ မြန်မာ့နိုင်ငံရေးနော်ဆုံးသတင်းတွေကိုသာ စုပြီး လိုအပ်တာတွေကို ပါတီခေါင်းဆောင်တွေသိအောင် ကောက်နှုတ်ပြီး ပရင့်ထုတ်ပေးတယ်။ မြန်မာနိုင်ငံသတင်းများဆိုပြီး နေ့စဉ်ထုတ်ပေးတယ်။ ဒါက မူလတာဝန်။ နောက်တော့ ဒါတွေအားလုံးကကျွန်တော့်တာဝန်တွေ ဖြစ်လာတယ်။ ကွန်ပြူတာအင်တာနက်သင်တန်းမတက်ဖူးဘူး။ ကိုယ့်ဖာသာရမ်းလုပ်၊ စာအုပ်တွေ ဖတ်ပြီး လုပ်ကြည့်နဲ့ နည်းနည်းလုပ်တတ်လာတယ်။ ပါတီလှုပ်ရှားမှုဓာတ်ပုံတွေစု၊ ဒီထဲကနေ ဘယ်ပုံတွေကို စာစောင်ထဲမှာထည့်သင့်တယ်ဆိုပြီး ရွေးထုတ်၊  ဘယ်စာတွေထည့်မလဲဆိုတာ တည်းဖြတ်၊ သတင်းတွေရေး၊ နောက်ဆုံး စာစောင်ထဲမှာ လေးအောက်ဒီဇိုင်းထိုင်တဲ့အထိ လုပ်လာရတယ်။ ဌာနချုပ်ကွန်ပြူတာ ကလည်း မကောင်းတကောင်းဆိုတော့ ချွေးပြန်နေအောင်လုပ်၊ မီးပြတ်ရင် ပိုဆိုး။ ဒါတွေက လည်း တကယ့်ကို အမှတ်တရကလေးတွေပါဗျာ။

No comments:

Post a Comment