အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏
ငြိမ်းချမ်းရေးနှင့် စစ်ရှောင်ဒုက္ခသည်ပြည်သူများအရေးနှင့်ပတ်သက်၍
သဘောထားကြေညာချက်
ရက်စွဲ။ ၂၀၁၆ခုနှစ် ဇူလိုင်လ(၃၀)ရက်
ဤပြည်ထောင်စုမြန်မာနိုင်ငံတွင် ၂၁ရာစု ပင်လုံညီလာခံဖြင့် ငြိမ်းချမ်းရေးအတွက် ခရီးဆက်ရန် ပြင်ဆင် နေပြီ ဖြစ်သည်။ ဤသည်မှာ အမျိုးသားစည်းလုံးညီညွတ်ရေး၏ရှေ့ပြေးနိမိတ်ဟု ဆိုနိုင်ပါသည်။ တစ်ဘက်တွင်မှု အမျိုးသားညီညွတ်ရေးကို ပွန်းပဲ့စေသည့် လက္ခဏာတစ်ရပ်မှာ စစ်ရှောင်ဒုက္ခသည်ပြည်သူများ အရေးပင် ဖြစ်ပါ သည်။
ဤစစ်ဘေးရှောင်ဒုက္ခသည်ပြည်သူတို့ ခံစားနေရသည့် ဘ၀အနိဌာရုံများသည် နိုင်ငံသားတစ်ဦးချင်းစီ၏ ရပိုင်ခွင့်များ ဆုံးရှုံးမှု၏ အရင်းခံအကျိုးဆက်များ ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ၄င်းတို့၏ပယောဂ၊ မည် သို့မျှ မပါရှိဘဲ မိမိတို့နေုထိုင်ရာဒေသများမှ စွန့်ခွာထွက်ပြေးရသည့် လူမှုဒုက္ခများ ခံစားနေကြရ၍ ဖြစ်သည်။ ၂၀၁၂ ခုနှစ် ကိန်းဂဏန်းများအရ ကချင်ပြည်နယ်၊ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်များ၌ ယင်းစစ်ရှောင်ဒုက္ခသည်ပြည်သူ များ (၁၇၀၀၀၀) ကျော် ရှိကြောင်းသိရပြီး လတ်တလော ကချင်ပြည်နယ်တွင် (၆၀၀၀၀)ကျော် ရှိနေကြောင်း ကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ် WFPထုတ်ပြန်ချက်များအရ သိရပါသည်။
ယင်းစစ်ရှောင်ဒုက္ခသည်ပြည်သူများသည် မိမိတို့မူရင်းဒေသကို စွန့်ခွာထွက်ပြေးရ၍ စားဝတ်နေရေး အခက်တွေ့ရခြင်း၊ ကယ်ဆယ်ရေးစခန်းများတွင် အိမ်ထောင်စုစာရင်းမရှိပါက နေခွင့်မရရှိခြင်း၊ နေခွင့်မရသူများ အတွက် မည်သည့်မြို့နယ်တွင်မျှ နေထိုင်ရန် တရားဝင်အသိအမှတ်ပြု မခံရခြင်း၊ စခန်းတွင်နေထိုင်ခွင့်ရရှိသူများ ၏ နေ့စဉ်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုအတွက် အာမခံချက်မရှိခြင်း၊ ဥပမာ အချို့သောစခန်းများ တွင် ရိက္ခာထောက်ပံ့မှုအစား တစ်ဦးစီကို တစ်လစာအတွက် ငွေကြေး၉၀၀၀ိ/-ထောက်ပံ့ပေ့းနေခြင်း၊ နိုင်ငံတကာ အကူအညီများ လျော့ပါးလာနေခြင်းနှင့် စစ်ရှောင်ပြည်သူများဦးရေသည် ကာကွယ်စောင့်ရှောက်နိုင်သည်ထက် ဆက်လက်တိုးပွား များပြားလာနေခြင်း စသည်တို့ ဖြစ်ပါသည်။
သို့ပါ၍ လာမည့် ၂၁ရာစုပင်လုံညီလာခံတွင် အောက်ပါအချက်များကိုပါ ထည်သွင်းစဉ်းစားပေးရန် တိုက်တွန်းတောင်းဆိုပါသည်။
၁။ စစ်ရှောင်ဒုက္ခသည်ပြည်သူများဦးရေ တိုးပွားများပြားလာသည်နှင့်အမျှ ပြည်တွင်းနှင့် နိုင်ငံတကာအကူ အညီများ ယခုထက်ပိုမိုတိုးတက်ရရှိရေး စဉ်းစားဆောင်ရွက်ပေးရန်၊
၂။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏အရေးကိစ္စသာမက ၄င်းတို့နေထိုင်ရာ သက်ဆိုင်ရာပြည်နယ် အတွင်းရှိ လက်နက်မကိုင်ထားသော တိုင်းရင်းသားမျိုးနွယ်စုအားလုံး၏အရေးကိုပါ ထည့်သွင်းဆွေးနွေး စဉ်းစားပေးရန်၊
၃။ တိုင်းရင်းသားမျိုးနွယ်စုများအကြား စီးပွားရေး၊လူမှုရေးနှင့် လွတ်လပ်စွာအသက်မွေးမှု၊ လုံခြုံရေးအတွက် အာမခံချက်ရှိစေရေးတို့ကိုပါ ဆွေးနွေးစဉ်းစားပေးရန်၊
၎။ တိုင်းရင်းသားမျိုးနွယ်စုအကြား လူမျိုးကြီး/ငယ်မဟူ မခွဲခြားဘဲ တန်းတူညီမျှရပိုင်ခွင့်များ ရှိသည်ဟူသည့် အချက်ကို ဗဟိုပြုဆွေးနွေးပေးရန်၊
၅။ တိုင်းရင်းသားများဖြစ်ကြသည့် အဆိုပါစစ်ရှောင်ပြည်သူများအား အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ် ရေးကဒ်များကို ၂၁ရာစုပင်လုံညီလာခံ စတင်ကျင်းပသည့်ကာလအတွင်း သက်ဆိုင်ရာအာဏာပိုင်အဖွဲ့ အစည်းများက စိစစ်၍အမြန်ဆုံး ထုတ်ပေးရန် စသည့်အချက်များကို ထည့်သွင်းဆွေးနွေးကြပါရန် ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီမှ အမျိုးသားညီညွတ်ရေးအကျိုး မျှော်းကိုး၍ အလေးအနက် တောင်းဆိုအပ်ပါသည်။
ဗဟိုအလုပ်အမှုဆောင်ကော်မတီ
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
No comments:
Post a Comment