Wednesday, January 2, 2019

NDFပါတီ၏(၇၁)နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့ သ၀ဏ်လွှာ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

(၇၁)နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့ သ၀ဏ်လွှာ

ရက်စွဲ။ ဇန်န၀ါရီလ(၄)ရက်၊ ၂၀၁၉

 

        ၂၀၁၉ခုနှစ်၊ ဇန်န၀ါရီလ(၄)ရက်နေ့တွင် ကျရောက်သည့် (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမ ယတွင် ငြိမ်းချမ်းခြင်း၊ ညီညွတ်ခြင်း၊ တရားမျှတခြင်းနှင့် လွတ်လပ်ခြင်း စသည့် ကောင်းမြတ်သောဆုလာဘ် အပေါင်း မြန်မာပြည်သူလူထုအားလုံးထံသို့ ကျရောက်ပါစေကြောင်း ကျွန်ုပ်တို့အမျိုးသားဒီမိုကရေစီအင်အားစု NDFပါတီက ဆုမွန်ကောင်း တောင်းအပ်ပါသည်။

        မြန်မာပြည်သူတို့သည့် ယခုအခါ သူ့ကျွန်ဘ၀မှ တစ်မျိုးသားလုံးလွတ်မြောက်၍ အချုပ်အခြာအာဏာ ပိုင်ဘ၀သို့ ပြန်လည်ရောက်ရှိခဲ့သည်မှာ (၇၁)နှစ်တိုင်ခဲ့ပေပြီ။ ယင်းသို့ သူ့ကျွန်မခံ ပေါင်းစုတော်လှန်နိုင်ခဲ့ကြ သော်လည်း အချင်းချင်းကြား ညီညွတ်မှုပြိုကွဲ၍ ပြည်တွင်းစစ်မီး ယနေ့ထက်ထိတိုင် တောက်လောင်လျှက်ရှိ သည်ကို  ၀မ်းနည်းဖွယ်ရာ တွေ့နေရပါသည်။ အကျိုးဆက်အဖြစ် အပြစ်မဲ့ပြည်သူများ စစ်ဘေးဒုက္ခ ခံစားနေ ရခြင်းပင် ဖြစ်သည်။ ထို့ကြောင့် စစ်ဘေးဒုက္ခခံပြည်သူများအရေးကို အလေးအနက်ထား စဉ်းစားပေးရန် အချိန်တန်ပြီ ဖြစ်ပါသည်။

        ယခုအခါ မြန်မာပြည်သူများအကြား ငြိမ်းချမ်းရေးရလိုသောဆန္ဒများ ပြင်းပြမြင့်မားလျှက် ရှိပါသည်။ ထို့ကြောင့် ငြိမ်းချမ်းရေးသည် ပြည်သူ့အတွက်လော၊ နှစ်ဖက်ပစ်ခတ်တိုက်ခိုက်နေကြသူများအတွက်လော ဟု မေးခွန်းထုတ်စရာ မဖြစ်စေလိုပါ။ ငြိမ်းချမ်းရေးသည် ပြည်သူများအတွက်သာ ဖြစ်ရပါမည်။ ထို့ကြောင့် ဤ (၇၁)နှစ်မြောက်နေ့မှစ၍ လွတ်လပ်ရေး၏အရသာကို ပြည်သူများရအပ်စိမ့်သောငှာ ကြိုးပမ်းဆောင်ရွက်ကြပါ ရန် ကျွန်ုပ်တို့ NDFပါတီက တိုက်တွန်းအပ်ပါသည်။

သို့ပါ၍ ငြိမ်းချမ်းရေးရရှိရေး၊ အခြေခံဥပဒေပြင်ဆင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတစ် ရပ် ပေါ်ထွန်းလာရေးတို့ကိုရှေ့ရှု၍ NDFပါတီသည် မြန်မာ့နိုင်ငံရေးခရီးတွင် ပြည်သူ့အတွက် ဆက်လက် လျှောက်လှမ်းနေမည်သာဖြစ်ကြောင်း (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ သန္နိဋ္ဌာန်အဖြစ် သ၀ဏ်လွှာ ပါးအပ် ပါသည်။

ပြည်သူ့အပေါ် နိုင်ငံရေးသစ္စာဖြင့်-

 

ဗဟိုအလုပ်အမှုဆောင်ကော်မတီ
        အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

No comments:

Post a Comment