Monday, December 3, 2018

NDFကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေကြမ်း၊အပိုဒ်(၂၃)နှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေကြမ်း၊အပိုဒ်(၂၃)နှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက်

ရက်စွဲ။         ၃-၁၂-၂၀၁၈

ပြည်သူ့လွှတ်တော်က (၂၉-၁၁-၂၀၁၈) ရက်နေ့တွင် အတည်ပြုလိုက်သည့် ကလေးသူငယ်အခွင့် အရေးများဆိုင်ရာဥပဒေကြမ်း၊ အပိုဒ်(၂၃)ပါ အသက်(၁၈)နှစ်ပြည့်ပြီးမှ ထိမ်းမြားလက်ထပ်ရန် ပဋိညာဉ် မြောက်သည်ကို ပယ်ဖျက်ပြင်ဆင်သည့် ဥပဒေပြင်ဆင်ချက်အား  ကျွန်ုပ်တို့ NDFပါတီအနေဖြင့် ပြင်းထန်စွာ ကန့်ကွက်လိုက်သည်။

ကန့်ကွက်ရသည့်အကြောင်းရင်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

၁။     ဥပဒေကြမ်းပါ အသက်(၁၈)နှစ်အောက်အရွယ်သည် စိတ်ပိုင်း၊ရုပ်ပိုင်းဖွံ့ဖြိုးမှု မရှိသေးသော အရွယ်ဖြစ်၍ ဤဥပဒေပြဋ္ဌာန်းချက်ကို အတည်ပြုပါက ဓလေ့ထုံးတမ်းများအရ လက်ထပ် ခြင်းကို အားလုံးအတည်ပြုရာ ရောက်ရှိကြောင်း၊

၂။     ထို့ပြင် အချုပ်အခြာအာဏာပိုင် ပြည်ထောင်စုမြန်မာနိုင်ငံ၏ နိုင်ငံသားများအပေါ် အကာအ ကွယ်ပြုထားသော ဥပဒေများကို ချိုးဖောက်ဖျက်စီးရာ ရောက်နေကြောင်းနှင့်

၃။     ယခုပြင်ဆင်လိုက်သော ဥပဒေသည် ပြည်ထောင်စုမြန်မာနိုင်ငံသားများ၏ ဥပဒေအကာ အကွယ်ရှိမှုကို ချိုးဖျက်၍ နိုင်ငံ၏ဥပဒေကျောရိုးကို ဖောက်ဖျက်စေနိုင်သည့် ဥပဒေဖြစ်နေ သဖြင့် ပြင်ဆင်ချက်အပိုဒ်(၂၃)ကို ပြင်းထန်စွာကန့်ကွက်ကြောင်း။

        ဤ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေကြမ်းပါအပိုဒ်( ၂၃)တွင် အမျိုးသားများနှင့် အမျိုးသမီးတို့၏ ထိမ်းမြားလက်ထပ်နိုင်သည့်အသက်သည် ၄င်းတို့၏သက်ဆိုင်ရာတည်ဆဲဥပဒေနှင့် ဓလေ့ ထုံးတမ်းဥပဒေများတွင် သတ်မှတ်ထားသည့်အတိုင်း ဖြစ်စေရမည်။ သို့ရာတွင် ထိမ်းမြားလက်ထပ်ခြင်း စာချုပ်ချုပ်ဆို၍ ထိမ်းမြားလက်ထပ်ခြင်းဖြစ်ပါက ထိမ်းမြားလက်ထပ်ရန် ပဋိညာဉ်ပြုနိုင်သည့်အသက်သည် (၁၈)နှစ် ပြည့်ပြီးဖြစ်ရမည်ဟု သတ်မှတ်ခြင်းသည် ဓလေ့ထုံးတမ်းဥပဒေများကို လွတ်လပ်စွာပေးထားပြီး ဖြစ်ပါလျှက် ၄င်းတို့ကိုပယ်ဖျက်လိုက်ခြင်းသည် ဓလေ့ထုံးတမ်းဥပဒေများအရ ပဋိညာဉ်ဥပဒေနှင့် အရွယ် ရောက်ခြင်းဆိုင်ရာဥပဒေ(The Majority Act) တို့နှင့် ဆန့်ကျင်နေပါသည်။  ထို့ကြောင့် အသက်(၁၈)နှစ် ကန့်သတ်ချက်ကို ထည့်သွင်းသတ်မှတ်ခြင်းမရှိဘဲ ပြည်သူ့လွှတ်တော်က ယခုကဲ့သို့ အတည်ပြုလိုက်ခြင်း သည် မြန်မာ့ဥပဒေပြဋ္ဌာန်းမှုနှင့် အချုပ်အခြာအာဏာပိုင်မှုအရ ပြဋ္ဌာန်းခြင်းမရောက်တော့ပဲ မြန်မာ့ထုံးတမ်း ဥပဒေများနှင့် တည်ဆဲဥပဒေများကို ဆန့်ကျင်ရာ ရောက်ပါသည်။

အရွယ်ရောက်ခြင်းဆိုင်ရာဥပဒေ(The Majority Act)ပုဒ်မ(၂)အရ လက်ထပ်ထိမ်းမြားခြင်း၊ ကွာရှင်း ခြင်းတို့သည် အရွယ်ရောက်သည့် အသက်(၁၈)နှစ်ပြည့်လျှင် အရွယ်ရောက်သည်ဟူသော ပြဋ္ဌာန်းချက်နှင့် ကွဲလွဲဆန့်ကျင်နေပါသည်။

သို့ပါ၍ အသက်၁၂နှစ်မှ ၁၈နှစ်အတွင်း လွတ်လပ်စွာ ဥပဒေအကန့်အသတ်မဲ့ အိမ်ထောင်ပြုခွင့် ပေးရာရောက်နေကြောင်း တွေ့ရှိရခြင်း၊ လူမှုလွတ်လပ်ခွင့်နှင့် လူမှုဘ၀ကာကွယ်ခွင့်ဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှုများကို ထိပါးနေပါသဖြင့် ကျွန်ုပ်တို့ NDFပါတီအနေဖြင့် လွန်စွာစိုးရိမ်မကင်းဖြစ်ရပါသည်။

ထို့ကြောင့် ပြည်သူ့လွှတ်တော်၏ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းပါ အပိုဒ်၂၃ သည် ဥပဒေ ရေးထုံးမှားယွင်းခြင်းမဟုတ်ကြောင်း၊ ကလေးသူငယ်အခွင့်အရေးများ ရရှိနိုင်ရန်အတွက် သက် ဆိုင်ရာဓလေ့ထုံးတမ်းများနှင့် အထက်ဖော်ပြပါတည်ဆဲဥပဒေများနှင့်လည်း ကိုက်ညီရမည်ဖြစ်သည့်အတွက် အများပြည်သူအပေါ် တိကျပြတ်သားရှင်းလင်းသည့် ဥပဒေတစ်ရပ် ဖြစ်လာစေရန်အတွက် ဖြစ်ပါသည်။

        ထို့ကြောင့် အဆိုပါဥပဒေကြမ်း၊ အပိုဒ်(၂၃)ပါ ဒုတိယပိုဒ်အား မူလအတိုင်း  ဆက်လက်ထားရှိပေးရန် ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအင်အားစုNDFပါတီအနေဖြင့် တောင်းဆိုလိုက်သည်။

`                                       ဗဟိုအလုပ်အမှုဆောင်ကော်မတီ

       အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

No comments:

Post a Comment