Friday, November 23, 2018

NDFမြေလွတ်မြေရိုင်းဥပဒေ ပြင်ဆင်ချက်ပါပြဋ္ဌာန်းချက်ကို လိုက်နာရန် ကြေညာချက်နှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ သဘောထားကြေညာချက်

မြေလွတ်မြေရိုင်းဥပဒေ ပြင်ဆင်ချက်ပါပြဋ္ဌာန်းချက်ကို လိုက်နာရန် ကြေညာချက်နှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏

သဘောထားကြေညာချက်

ရက်စွဲ။  ၂၂-၁၁-၂၀၁၈

ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းခဲ့သည့် မြေလွတ်၊မြေလပ်၊မြေရိုင်းများစီမံခန့်ခွဲမှုဥပဒေကို ပြင် ဆင်သည့်ဥပဒေ(၂၀၁၈) တွင် ဥပဒေပြဋ္ဌာန်းပြီးနောက် (၆)လအတွင်း  မြေယာပိုင်ဆိုင်ခွင့်ကို ပြန်လည်မှတ်ပုံ တင်ခြင်းမရှိပါက ထောင်ဒဏ်နှင့်ငွေဒဏ်များ ချမှတ်နိုင်ကြောင်း သိရပါသည်။ ထို့အတွက် NDFပါတီအနေဖြင့် အထူးစိုးရိမ်ကြောင့်ကြ ဖြစ်ရပါသည်။ဤသည်မှာ ပြည်သူတို့၏အကျိုးစီးပွားကို ကာကွယ်ရာမရောက်ဘဲ လွတ်လပ်စွာသက်မွေးမှုကို တားမြစ်ကန့်သတ်သည့်ဥပဒေအဖြစ် တွေ့ရပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၂၃)၊ ပုဒ်မခွဲ(က)တွင် နိုင်ငံတော်သည် တောင်သူလယ်သမားများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန် လိုအပ်သည့်ဥပဒေများကို ပြဋ္ဌာန်းဆောင်ရွက်ပေးရမည်ဟု  အတိအလင်းပြဋ္ဌာန်းပြီးဖြစ်ပါသည်။သို့သော် ယခုကဲ့သို့သော မြေလွတ်၊မြေလပ်၊မြေရိုင်းပြင်ဆင်သည့် ဥပဒေ မျိုးကို ထုတ်ပြန်ခြင်းသည် ဥပဒေအသိပညာအားနည်းသော တောင်သူလယ်သမားများ၏ဘ၀ကို ကာကွယ် စောင့်ရှောက်ရာမရောက်ဘဲ အားနည်းချက်ကိုအခွင့်ကောင်းယူ၍ အနိုင်အထက်ပြုကျင့်ရာ ရောက်နေပေ သည်။

မြန်မာနိုင်ငံတွင် ဤဥပဒေအရ မှတ်ပုံတင်ရမည်ဆိုသော်လည်း ရေရာတိကျသော မြေကြီးမြေပုံ( ကွက်စိပ်မြေပုံ)အပါအ၀င် ကိုးကားရန် မြေပိုင်ဆိုင်မှုဆိုင်ရာစာရင်းဇယားနှင့် မြေပုံညွှန်းများ အပီအပြင်ရှိမနေ သေးပါ။ ထို့ကြောင့် ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအင်အားစုNDFပါတီက (၂၀၁၁-၂၀၁၅) ပထမအကြိမ် လွှတ်တော်တွင် လယ်ယာမြေသန်းကောင်စာရင်း တိုင်းတာကောက်ယူရေးအဆို တင်သွင်းခဲ့ပါသည်။သို့သော် လယ်ယာမြေသန်ကောင်စာရင်းကောက်ယူနိုင်ခြင်း မရှိသေးပါ။

ဤမြေလွတ်မြေရိုင်းစီမံခန့်ခွဲမှုပြင်ဆင်သည့်ဥပဒေသည်  ကောင်းကျိုးထက် ဆိုးပြစ်များဖြစ်လာနိုင် ကြောင်း NDFပါတီက သုံးသပ်ပါသည်။

အထူးသဖြင့် ဤဥပဒေသည် နောင်အနာဂတ်တွင် ပေါ်ပေါက်လာမည့် ဖက်ဒရယ်ပြည်ထောင်စုအခြေခံ ဥပဒေကိုပင် အဟန့်အတားပြုရာ ရောက်နိုင်ကြောင်း တွေ့ရပေသည်။ ၄င်းအပြင် ဥပဒေများ၏ အကျိုးသက် ရောက်မှုကို ပြဋ္ဌာန်းရာတွင် ၂၀၀၈ခု၊ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၁၉၈(က)တွင် ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့က ပြဋ္ဌာန်းလိုက်သည့် ဥပဒေပါပြဋ္ဌာန်းချက်တစ်ရပ်ရပ်သည်လည်းကောင်း၊ တည်ဆဲဥပဒေတစ်ရပ် ရပ်သည်လည်းကောင်း ၂၀၀၈အခြေခံဥပဒေပါပြဋ္ဌာန်းချက်တစ်ရပ်ရပ်နှင့် ဆန့်ကျင်နေလျှင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါအတိုင်း လိုက်နာကျင့်သုံးရမည်ဟု အတိအလင်းပြဋ္ဌာန်းထားပြီး ဖြစ်ပါသည်။

ထို့ကြောင့် မြေလွတ်၊မြေလပ်၊မြေရိုင်းဥပဒေပါ ထုတ်ပြန်ချက်သည် ၂၀၀၈-ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃(က)နှင့် ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေသည့်အပြင် တိုင်းရင်းသားတောင်သူလယ်သမားများ၏ အားနည်း ချက်ကို အခွင့်ကောင်းယူကာ အဓမ္မမြေသိမ်း၊ထောင်ချ၊ ဒဏ်ရိုက်ပြီး အဓမ္မပြုကျင့်ရာရောက်နေပါသဖြင့်  ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအင်အားစုNDFပါတီက ပြင်းထန်စွာကန့်ကွက်ကြောင်းနှင့်  ယခုပြင်ဆင်သည့် မြေလွတ်မြေရိုင်းစီမံခန့်ခွဲသည့်ဥပဒေ( ၂၀၁၈ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်(၂၄)၊ ၁၁-၉-၂၀၁၈ )ကို ဆိုင်းငံ့ထားသင့်ကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။

 

 ဗဟိုအလုပ်အမှုဆောင်ကော်မတီ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

No comments:

Post a Comment