Thursday, February 8, 2018

NDFပါတီ၏ (၇၁)နှစ်မြောက်ပြည်ထောင်စုနေ့ကြေညာချက်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏

(၇၁)နှစ်မြောက်ပြည်ထောင်စုနေ့ကြေညာချက်

ရက်စွဲ။ ၉-၂-၂၀၁၈

        အမျိုးသားညီညွတ်ရေးလက္ခဏာဆောင်သော (၇၁)နှစ်မြောက် ပြည်ထောင်စုနေ့အကြိုကာလတွင် မြန်မာပြည်သား၊ တိုင်းရင်းသားပြည်သူအပေါင်း မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေကြောင်း ကျွန်ုပ်တို့ အမျိုးသား ဒီမိုကရေစီအင်အားစုNDFပါတီက ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ သည် ပြည်ထောင်စုကြီးအဓွန့်ရှည်ခိုင်မာစေရန် ရည်သန်၍ "(၇၁)နှစ်မြောက် ပြည်ထောင်စုနေ့ကြေညာ ချက်"ကို ထုတ်ပြန်ကြေညာလိုက်သည်။

        ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ထောင်ရန် ရည်သန်၍ မျှော်မှန်းချီတက်နေသော မြန်မာနိုင်ငံသည် အမျိုးသားညီညွတ်ရေး အားကောင်းမောင်းသန် ဖြစ်စေရန် အားထုတ်ကြိုးပမ်းနေသည့်ကြားမှ ညီညွတ်ရေး ယိုင်နဲ့စေမည့် လက္ခဏာများကို တွေ့နေရပြီ ဖြစ်ပေသည်။ အထူးသဖြင့် ရခိုင်ဒေသတွင် လတ်တလော ပေါ်ပေါက်လာသည့် ပြင်းပြသည့် လူမျိုးရေးစိတ်ဓာတ် အခြေခံသည့် နိုင်ငံရေးပဋိပက္ခများနှင့် ကချင်ပြည်နယ် မြောက်ဖျားမှ လက်နက်ကိုင်ပဋိပက္ခများကြောင့် ငြိမ်းချမ်းရေးရရှိရေး အလှမ်းဝေးနေသည့် ဖြစ်ရပ်များသည်  အမျိုးသားညီညွတ်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုဖြစ်ထွန်းရေးတို့ကို  အဟန့်အတားဖြစ်လာစေနိုင်သည့် အတွက်  ပြည်ထောင်စု၏စိတ်မချမ်းမြေ့ဖွယ် ဖြစ်ရပ်များအဖြစ်  ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအင်အားစု NDFပါတီက ရှုမြင်ပါသည်။

        ယခုအချိန်သည် ပြင်ပမှဖန်တီးနေသည့် အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ကိုဖီအာနန်ကော်မရှင်၏ မမျှမတအကြံပြုချက်များအရ မြန်မာပြည်အပေါ် ဖိအားပေးအကြပ်ကိုင်မှုများ ပေါ်ပေါက်နေသည့်အတွက် မိမိတို့နိုင်ငံသားအချင်းချင်းကြား သွေးနီးကြရမည့်အချိန်အခါဖြစ်သည်ဟု အလေးအနက်လက်ခံ၍ ညီညီ ညွတ်ညွတ်တွန်းလှန်ကြရန် လိုအပ်နေပေသည်။ တစ်ဖက်တွင်လည်း ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင် က မြန်မာနိုင်ငံအား အရေးယူစေရေးအတွက် လုံခြုံရေးကောင်စီသို့ အကြောင်းအမျိုးမျိုးပြ တောင်းဆိုလျှက် ရှိပေသည်။ ယင်းကိုဖိအာနန်ကော်မရှင်ကြောင့် မြန်မာ့ပြည်တွင်းရေးသည် နိုင်ငံတကာအရေးအဖြစ် ရောက်ခဲ့ ရပြီး နေရပ်မှထွက်ပြေးသူအားလုံးကိုလည်း မြန်မာနိုင်ငံသားဖြစ်ရေး၊ အထက်စီးမှ ဖိအားပေးပြီး မြန်မာ့ ပြည်တွင်းရေးကို ပြောင်ပြောင်တင်းတင်း စွက်ဖက်နေပေသည်။  မြန်မာပြည်သူလူထုပိုင် နိုင်ငံ့အချုပ်အခြာ အာဏာကို ထိပါးရန်ကြိုးပမ်းလာသည့် အရိပ်လက္ခဏာများကို အထင်အရှားတွေ့နေရပေပြီ။ ထို့ကြောင့် မိမိတို့အချင်းချင်းကြား မပြေလည်မှုများကို ခဏဖယ်ထား၍ ပြည်ပစွက်ဖက်မှုကို တွန်းလှန်တိုက်ဖျက်ကြရန် အချိန်ကျရောက်နေပြီ ဖြစ်သဖြင့် "အရေးကြီးပြီ သွေးနီးကြစို့ "  ဟု ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအင်အားစု NDFပါတီက အလေးအနက် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

        သို့်ပါ၍ တိုင်းချစ်ပြည်ချစ်စိတ်ရှိသော ပြည်သူအပေါင်းနှင့် အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးအင်အားစု များ ပူးပေါင်း၍ ပြည်တွင်းပြည်ပ ပြည်ထောင်စုရန်ဟူသမျှတို့ကို ညီညီညွတ်ညွတ် လက်တွဲကာကွယ်နိုင်ရန် အတွက် အမျိုးသားရေးစိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ် မြှင့်တင်ကြရန် အချိန်တန်ပြီဖြစ်ပါကြောင်း 

ယခုပြည်ထောင်စုနေ့အကြိုကာလ အခါသမယတွင် နိုင်ငံရေးသတိရှိရှိဖြင့်  ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီ အင်အားစုNDFပါတီက  ထုတ်ပြန်ကြေညာအပ်ပါသည်။

 

ဗဟိုအလုပ်အမှုဆောင်ကော်မတီ

       အမျိုးသားဒီမိုကရေစီအင်အားစုပါတီ


No comments:

Post a Comment