ဧရာဝတီမြစ်ဆုံဆည်အရေးနှင့်ပတ်သက်၍
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ သဘောထားထုတ်ပြန်ချက်
ရက်စွဲ။ ၂၀၁၆ခုနှစ်၊ နိုဝင်္ဘာလ(၇)ရက်
အမျိုးသားဒီမိုကရေစီအင်အားစုပါတီအနေဖြင့် ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်ထုတ်လုပ်ရန် ရေကာတာ စီမံကိန်းနှင့်ပတ်သက်၍ ပြည်သူသို့ပွင့်လင်းစွာ အသိပေးရန် လိုအပ်လာပြီဖြစ်သည်။ ထိုသို့ယူဆသည့် အလျှောက် နိုင်ငံအကျိုး၊ ပြည်သူ့အကျိုးဖြစ်သည့် အမျိုးသားအကျိုးစီးပွားနှင့် အမျိုးသားလုံခြုံရေး၊ ပြည်သူအများ၏ လူမှုစီးပွား ရေးဘ၀များကို ထိခိုက်ခြင်း မရှိစေရေးစသည်တို့ကို ရည်ရွယ်၍ အောက်ပါအတိုင်း သဘောထား ထုတ်ပြန်အပ် ပါသည်။
ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရေးကိစ္စနှင့်ပတ်သက်၍ လူထုလူတန်းစား အလွှာ အသီးသီး၊ အဖွဲ့အစည်းအသီးသီး၊ လူပုဂ္ဂိုလ်အသီးသီးနှင့် နယ်ပယ်ပေါင်းစုံမှ ပညာရှင်အသီးသီးတို့က မိမိတို့၏ သဘောထားများကို ၀ိုင်းဝန်းအကြံပြု ထုတ်ပြန်ပြောကြားခဲ့ပြီး ဖြစ်ပါသည်။
ဤဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကိစ္စရပ်သည် တစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့်ကိစ္စ တနည်း အားဖြင့် အမျိုးသားရေးကိစ္စတစ်ရပ် ဖြစ်ပါသဖြင့် လွှတ်တော်၏သဘောထားအဆုံးအဖြတ် ခံယူရုံမျှဖြင့် လုံလောက် မည်ဟု မဟုတ်ပါ။ တစ်ဦး၊ တစ်ယောက်၊ တစ်ဖွဲ့တစ်သင်းထဲ၏ လွှမ်းမိုးမှုဖြင့် ဆုံးဖြတ်၍ ဖြစ်ကောင်းသော အရာ လည်း မဟုတ်ပါ။ ပြည်သူအများ၏ဆန္ဒသာ အဓိကဟု ခံယူပါသည်။
ဧရာဝတီအရေးသည် အမျိုးသားရေး၊ ဧရာဝတီသည် အမျိုးသားအမွေအနှစ်၊အမျိုးသားအကျိုးစီးပွါး၊အမျိုး သားယဉ်ကျေးမှု၊ အမျိုးသားစည်းလုံးညီညွတ်မှု အမှတ်သင်္ကေတ ဖြစ်၍ နောက်အနာဂတ်မျိုး ဆက်သစ်တို့ထိတိုင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်ပြည်သူတိုင်းတွင် တာဝန်ရှိ နေပါသည်။
ဧရာဝတီသည် မြန်မာ့နယ်နမိတ်အတွင်းမှ စတင်စီးဆင်းသည့် မြစ်ကြီးဖြစ်ပြီး စီးဆင်းသည့်မြစ်ရေ အရင်း အမြစ်(၃)သွယ် ရှိနေပါသည်။ ယင်းတို့မှာ ရေခဲပျော်ရည်၊ မြေအောက်ရေနှင့် ရွာသွန်းမိုးရေတို့ စုပေါင်း၍ ဧရာ ၀တီဖြစ်ရေထုကို ဖြစ်ပေါ်စီးဆင်းရပါသည်။ ယခုအခါ ရေခဲမြစ်များ၊ ရေခဲတောင်များ၊ ရေခဲပျော်ရည်ရင်းမြစ်များ ဧရာဝတီမြစ်သို့ စီးဝင်မူမှာ နောင်အနာဂတ်တွင် ကမ္ဘာမြေကြီးပူနွေးလာမူနှင့်အတူ သေချာရေရာမည့် အနေအထား တွင် မရှိတော့ပါ။
ထို့တူစွာ မြေအောက်ရေတို့သည်လည်း မိုးရွာသွန်းမူ၊ မြေအောက်ရေခိုအောင်းမူ စသည်တို့၏ အနေအ ထားအရ အားကိုးထိုက်သည့် အနေအထားမှ လျော့ကျနေပြီ ဖြစ်ပါသည်။ ထို့ပြင် မြန်မာပြည်မြောက်ပိုင်းတွင် ဆယ်စုနှစ်အတွင်းမိုးရွာသွန်းမူလျော့ကျနိုင်သည်ကို ပညာရှင်များမှ ခန့်မှန်းတွက်ချက်ထားပြီးဖြစ်ပါသည်။
ထိုသို့သောအနေအထားတွင် ဧရာဝတီမြစ်ကြီးကို ဤမရေရာမသေချာမူများကို မျက်ကွယ်ပြု၍ ဆည်မတည်ဆောက်သင့်ပါ။ သဘာဝဂေဟစနစ် ပျက်စီးစမည့်အပြင် တည်ဆောက်ပါက အကျိုးထက်အပြစ်ပင် ဖြစ်စရာ ရှိပါသည်။ ထိုသို့ဆည်တည်ဆောက်ပါက မြစ်ဘေးဝဲယာတွင် နူန်းတင်မြေနုများပို့ချခြင်းမှ လျော့ပါးလာ၍ ဧရာဝတီမြစ်ရိုးတစ်လျှောက် မှီတင်းနေထိုင်သူ စိုက်ပျိုးတောင်သူများ၏ စီးပွားရေးဘ၀များ ကို ထိုခိုက်စေနိုင် သည့်အပြင် ရေစီးရေလာပုံမှန်ထက် လျော့နည်းကျဆင်းသွားပါက ဆားငံရေတို့ တိုးဝင်လာမူကို ကာကွယ်နိုင်စွမ်းရှိ တော့မည် မဟုတ်ပါ။
ဤသို့သောအနေအထားတွင် ရေကာတာဆည်ဆောက်၍ လျှပ်စစ်ထုတ်လုပ်ရေးဆောင်ရွက်ပါက ပညာ ရှင်များယူဆသကဲ့သို့ အောက်ခံမြေလွှာအက်ကွဲ၍ ပြတ်ရွေ့ပျက်စီးခြင်းများ ပေါ်ပေါက်လာခဲ့သော် ဧရာဝတီ မြစ်အနာဂတ်တည်ရှိမူကို ဆုံးရှုံးရမည် ဖြစ်ပါသည်။ ထိုနည်းတူ ကြီးစွာသောဆုံးရှုံးမူများကို မြန်မာပြည်သူများပင် ခံစားကြရမည်ဖြစ်ပါသည်။
ထို့ကြောင့် မြစ်ဆုံရေအားလျှပ်စစ်ထုတ်လုပ်ရန် ရေကာတာတည်ဆောက်မှုနှင့် စီမံကိန်းဆောင်ရွက်မူတို့ ကို နိုင်ငံနှင့်ပြည်သူအကျိုးစီးပွားကို ရည်မျှော်၍ လုံးဝဖျက်သိမ်းသင့်ပါကြောင်း သဘောထားထုတ်ပြန်အပ် ပါသည်။
ဗဟိုအလုပ်အမှုဆောင်ကော်မတီ
အမျိုးသားဒီမိုကရေစီအင်အားစု
No comments:
Post a Comment