မြန်မာနိုင်ငံရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ထောက်ပံ့မှုများ အမြန်ဆုံးပြုလုပ်ပေးရန် တိုက်တွန်းတောင်းဆိုခြင်း
ရက်စွဲ။ ၂၀၁၆ခုနှစ်၊ ဇွန်လ (၁၄)ရက်
မြန်မာနိုင်ငံ၏ မုတ်သုန်မိုးဦးရာသီတွင် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းအချို့ရှိ မြို့နယ်များတွင် ရေကြီးမှုဒဏ်များကို ခံနေကြရကြောင်း တွေ့မြင်နေရပါသည်။ ထိုရေကြီးမူဒဏ်ကြောင့် အိုးအိမ်များပျက်စီးမှုများတင်မက လူသေဆုံးမှုများပါ ဖြစ်ပေါ်ခဲ့ရကြောင်းကိုလည်း ၀မ်းနည်းဖွယ်ကြားသိရ ပါသည်။ လမ်းများ၊ တံတားများကိုပါ ရေတိုက်စားသွားမှုကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ကူညီထောက် ပံ့မှုများအတွက် အခက်အခဲများကိုလည်း ဖြစ်ပေါ်စေခဲ့ပါသည်။ ထို့ပြင် စိုက်ပျိုးထားသော သီးနှံများ ရေနှစ်မြုတ်ပျက်စီးဆုံးရှုံးမှုများကိုလည်း တောင်သူများ တွေ့ကြုံနေကြရပါသည်။ မိုးလေ၀သပညာရှင် များကလည်း မိုးရာသီကာလအတွင်း ရေကြီးရေလျှံမှုများ မကြာခဏဖြစ်ပေါ်လာနိုင်ကြောင်း ခန့်မှန်းထုတ်ပြန် ထားသည်မှာလည်း ဂရုပြုရမည့်အခြေအနေ ဖြစ်ပါသည်။
သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးအတွက် ကျပ်(၁၀)ဘီလျှံ အသုံးပြုရန် လျာထားသတ်မှတ် ခွဲဝေထားကြောင်း ကြားသိရသဖြင့် သတင်းကောင်းအဖြစ် ကြိုဆိုအပ်ပါသည်။ သို့ဖြစ်ရာ ဤမျှသော ရေဘေး အတိဒုက္ခ ရောက်နေသူများအတွက် လုံခြုံသည့် နားခိုရာ၊ အစာရေစာများနှင့် အရေးပေါ်ကျန်းမာရေး စောင့် ရှောက်မှုများကို လက်လှမ်းမမှီဘဲ လိုအပ်နေဆဲပင် ဖြစ်ပါသည်။ ရေဘေးသင့်နေရာဒေသများသို့ ထိရောက် သော လှုပ်ရှားကူညီဆောင်ရွက်မှုများ အမြန်ဆုံးရောက်ရှိရေးကို သက်ဆိုင်ရာအာဏာပိုင်အဆင့်ဆင့်တို့က ဆော လျင်စွာ ဆောင်ရွက်ပေးရန်နှင့် နိုင်ငံတကာအကူအညီများကိုလည်း တောင်းခံရန် လိုအပ်နေပြီ ဖြစ်ပါသည်။ ယခု အချိန်ထိတိုင်လည်း ထိရောက်သောအကူအညီပေးမှုများကို ရေဘေးသင့်ပြည်သူများ ရရှိခြင်း မရှိသေးသည်ကို တွေ့မြင်နေရပါသည်။
ထို့ကြောင့် မြစ်ရေကြီးမှုများအတွက် ကြိုတင်ကာကွယ်မှုများကို ပြည်သူလူထုနှင့်ပူးပေါင်း၍ ပြည့်ပြည့် ၀၀ ဆောင်ရွက်ပေးရန်၊ ရေကြီးမှုဒဏ်ကို ခံခဲ့ကြရသူများကို အမြန်ဆုံးထောက်ပံ့ပေးနိုင်ရေးကို အထူးအလေး ပေးဆောင်ရွက်ပေးရန်နှင့် ရေကြီးမူဒဏ်နောက်ပိုင်း ပြန်လည်ထူထောင်ရေးကိုလည်း စနစ်တကျ ဆောင်ရွက် ပေးရန်၊ ထို့ပြင် လယ်မြေရေမြုတ်ပျက်စီးမှုကြောင့် အခက်အခဲတွေ့နေကြရသော တောင်သူများကိုလည်း မျိုးစပါး၊ ဓာတ်မြေသြဇာနှင့် စိုက်ပျိုးစရိတ်များကို အမြန်ဆုံး ကူညီထောက်ပံ့ပေးပါရန်တို့ကို နိုင်ငံတော်အစိုးရ အား ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ တိုက်တွန်း တောင်းဆိုလိုက်ပါသည်။
ဗဟိုအလုပ်အမှုဆောင်ကော်မတီ
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
No comments:
Post a Comment