Wednesday, May 25, 2016

NDF ပါတီ၏ဖားကန့်မြေပြိုကျမှုနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏

ဖားကန့်မြေပြိုကျမှုနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက်

ရက်စွဲ။  ၂၀၁၆ခုနှစ်၊ မေလ   (၂၅)ရက်

 

ဖားကန့်မြို့နယ် ဝှေ့ခါ-မှော်သစ်ကုန်းကျေးရွာ၊ ရတနာကြယ်လုပ်ကွက်တွင် (၂၃-၅-၂၀၁၆ )ရက်နေ့ ည ရှစ်နာရီခန့်တွင် မြေကမ်းပါးပြိုကျမှုကြောင့်  တွင်းအောက်ခြေတွင် တစ်ပိုင်တစ်နိုင်လုပ်ကိုင်နေကြသူများ ရာချီ၍ ပျောက်ဆုံးနေကြောင်း ကြားသိရပါသည်။ လောလောဆယ် တူးဖော်ရရှိပြီးသောအလောင်းပေါင်းမှာ (၁၃) လောင်းကျော်ခန့် ရှိနေပြီဖြစ်သော်လည်း ကျန်သူများကို တူးဖော်ရှာဖွေနိုင်ခြင်း မရှိသေးကြောင်းကိုလည်း ကြားသိရပါသည်။

         အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ကချင်ပြည်နယ်စည်းရုံးရေးကော်မတီနှင့် ဖားကန့်မြို့နယ်စည်း ရုံးရေးကော်မတီတို့မှ ကျန်ရှိနေသေးသည့်သူများကို အမြန်ဆုံးကယ်တင်နိုင်ရန်အတွက် တူးဖော်မှုကို ဆက်လက် လုပ်ဆောင်ပေးရန် သက်ဆိုင်ရာအာဏာပိုင်များနှင့် ကုမ္ပဏီများထံသို့ စာတင်၍ တောင်းဆိုထားကြောင်း  ဗဟိုဌာနချုပ်သို့ အကြောင်းကြားလာပါသည်။

         မြေကမ်းပါးပြိုကျမှုကြောင့်  ပျောက်ဆုံးနေသော ရာနှင့်ချီသည့် လူများကို  တူးဖော်ရှာဖွေပေးရန် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ဗဟိုဌာနချုပ်အနေဖြင့် အထူးတိုက်တွန်းတောင်းဆို ပါသည်။

         ထို့အပြင် တစ်ပိုင်တစ်နိုင်တူးဖော်လုပ်ကိုင်နေသူများတွင် မြန်မာပြည်အနှံအပြားမှ လာရောက်ကြသော ပြည်သူများလည်း ပါဝင်နေပါသည်။ သို့ပါ၍ လူသားချင်းစာနာမှုရှုဒေါင့်မှနေ၍လည်းကောင်း၊ ရပ်ဝေးနေ မိသားစု ၀င်များ၏စိုးရိမ်သောကများကို စာနာထောက်ထားသောအားဖြင့်လည်းကောင်း၊ သေဆုံးသူစာရင်းများကို တတ်နိုင်သမျှပြုစုပေးရန်နှင့် အထောက်အပံ့အကူအညီများ ပေးကြပါရန်ကိုလည်း တိုက်တွန်းပါသည်။

         တဆက်တည်းတွင် ယင်းသို့နေရာအနှံ့  တစ်နိုင်တစ်ပိုင်တူးဖော်နေမှုများကို စည်းကမ်းသတ်မှတ်၍ ဘေးအန္တရာယ်ကင်းရှင်းစွာ လုပ်ဆောင်နိုင်ရန်အတွက် နေရာသတ်မှတ်ရေး၊ လုံခြုံမှုရရှိရေးတို့ကို ပြည်နယ်           အာဏာပိုင်များက ဆောလျင်စွာ လုပ်ဆောင်ပေးကြပါရန် မေတ္တာရပ်ခံတိုက်တွန်းအပ်ပါသည်။

 

 ဗဟိုအလုပ်အမှုဆောင်ကော်မတီ

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

No comments:

Post a Comment