အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏
(၇၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ကြေညာချက်
ရက်စွဲ။ ၂၀၁၆ခုနှစ်၊ မတ်လ(၂၇)ရက်
ယနေ့သည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ (၇၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ ဖြစ်ပေသည်။ အမျိုးသားခေါင်းဆောင်ကြီး၊ လွတ်လပ်ရေးပိသုကာကြီးနှင့် တပ်မတော်၏ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်၍ မြန်မာပြည်သူတစ်ရပ်လုံးက နယ်ချဲ့ဖက်ဆစ်တို့အား တော်လှန်တိုက်ထုတ်ခဲ့သည်မှာ ယနေ့ဆိုလျှင် (၇၁) နှစ် တင်းတင်းပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ ထိုသို့တော်လှန်တိုက်ထုတ်ရာတွင် ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်မှုအောက်တွင် တပ်မတော်၊ နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားပြည်သူအားလုံး ညီညီညွတ်ညွတ် လက်တွဲပူးပေါင်း ဆောင်ရွက်ခဲ့ကြခြင်းဖြင့် အောင်ပွဲရရှိခဲ့ခြင်းမှာ ကျွန်ုပ်တို့အားလုံးအတွက် အဖိုးမဖြတ်နိုင်သော သမိုင်းသင်ခန်းစာတစ်ရပ်နှင့် အစဉ်အလာကောင်းတစ်ရပ်ပင် ဖြစ်ပေသည်။
နှစ်(၆၀)ကျော်ဖြစ်ပွားနေသော ပြည်တွင်းစစ်ကြီးသည် ယခုအခါ NCA စာချုပ်လက်မှတ်ရေးထိုးနိုင် ခဲ့ခြင်းနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပနိုင်ခဲ့ခြင်းတို့ကြောင့် ငြိမ်းချမ်းရေး၏အစကို ခြေလှမ်း -လှမ်း နိုင်ခဲ့ပြီ ဖြစ်သည်။ မြန်မာပြည်သူလူထုတစ်ရပ်လုံး မျှော်လင့်စောင့်စားနေသော ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်ပေါ် လာရေးအတွက် အစိုးရ ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသား ပြည်သူအားလုံး ညီညီညွတ်ညွတ်ဖြင့် ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြမှသာ ဖြစ်ပေါ်လာနိုင်မည်ဟု ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီက အလေးအနက်ယုံကြည်ပါသည်။
ပြည်သူများရွေးချယ်တင်မြှောက်ခဲ့သော အရပ်သားအစိုးရသစ်နှင့် လွှတ်တော်အနေဖြင့် ပြည်တွင်းငြိမ်း ချမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများကို ပိုမိုဖြစ်ထွန်းလာရေး၊ နိုင်ငံ၏ စီးပွားရေးကို မြှင့်တင်ရေး၊ နိမ့်ကျနေသော ပြည်သူလူထု၏ လူမှုစီးပွားရေးဘ၀များကို တိုးတက်လာ အောင် ဆောင်ရွက်ပေးရေး စသည့် များပြားလှသော စိန်ခေါ်မှုများကို ရင်ဆိုင်ရမည် ဖြစ်သည်။ ထိုစိန်ခေါ်မှုများ ကို အစိုးရ ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် ပြည်သူတစ်ရပ် လုံး စည်းလုံးညီညွတ်စွာဖြင့် ၀ိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြမှသာ ကျော်ဖြတ်နိုင်မည်ဖြစ်ပါကြောင်း ယနေ့ကျ ရောက်သော (၇၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကြေညာချက် ထုတ်ပြန် အပ်ပါသည်။
ဗဟိုအလုပ်အမှုဆောင်ကော်မတီ
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
No comments:
Post a Comment