Monday, February 15, 2016

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ မြန်မာ့ရာသီဥတုအပြောင်းအလဲဖြစ်လာမှုနှင့်ပတ်သက်၍ သဘောထားထုတ်ပြန်ချက်

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏

မြန်မာ့ရာသီဥတုအပြောင်းအလဲဖြစ်လာမှုနှင့်ပတ်သက်၍  သဘောထားထုတ်ပြန်ချက်

ရက်စွဲ။ ၂၀၁၆ခုနှစ်၊ ဖေဖော်ဝါရီလ(၁၅)ရက်

         ကမ္ဘာလုံးဆိုင်ရာမိုးလေ၀သဖြစ်စဉ်များနှင့် မြန်မာနိုင်ငံအတွင်း ပေါ်ပေါက်လာမည့် ရာသီဥတုထုတ်ပြန် ခန့်မှန်းချက်များအရ ၂၀၁၆ခုနှစ်အတွင်း မကြုံစဖူး မြင့်မားသောအပူချိန်များ ကျရောက်ဖွယ်ရှိကြောင်း သိရှိရပါ သည်။ ယင်းအပူချိန်ကျရောက်မှုဒဏ်ကြောင့် အပူလှိုင်းရိုက်ခတ်မှုများ  ဖြစ်ပေါ်ကာ သက်ရွယ်ကြီးရင့်သူများ အ သက်ဆုံးရှုံးရနိုင်ခြင်းများကို  ကြုံတွေ့လာဖွယ် ရှိပါနေသည်။ ထို့အပြင် ပြည်သူများအတွက် သောက်သုံးရေရှားပါး ခြင်း၊ စိုက်ပျိုးရေရရှိမှု လုံလောက်စွာ မရရှိနိုင်၍ စားနပ်ရိက္ခာထုတ်လုပ်မှု ကျဆင်းနိုင်ခြင်း၊ ရောဂါဘယ ထူပြော ခြင်းများနှင့် ကြုံတွေ့နိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ သောက်သုံးရေ ရှားပါး မှု ကြုံတွေ့ရပါက အကြောင်းကြားဆက်သွယ်နို်င်ရန် တယ်လီဖုန်းနံပါတ်များကို ထုတ်ပြန်ကြေညာထားပါသည်။

         မြန်မာနိုင်ငံသည် ယခုအခါ နိုင်ငံရေးအပြောင်းအလဲ၊ အုပ်ချုပ်မှုအပြောင်းအလဲနှင့် လူမှုစီးပွားရေးဘ၀ ဖြစ်စဉ် အပြောင်းအလဲများကို ဖြတ်သန်းရမည့် ခေတ်ပြောင်း၊ စနစ်ပြောင်း အချိန်အခါကြီးသို့ ရောက်နေပြီ ဖြစ်ပါ သည်။ သို့ဖြစ်ရာ ဤအပြောင်းအလဲကာလကြီးတွင် ဆိုခဲ့ပါ ရာသီဥတုပြောင်းလဲလာမှုဒဏ်မှ ဆင့်ကဲပေါ်ပေါက် နိုင်သော လူထုကျန်းမာရေးထိခိုက်မှုများ၊ နေ့စဉ်လူနေမှုဘ၀တို့အား သောက်သုံးရေရှားပါးမှုဒဏ်များနှင့် စားနပ် ရိက္ခာ ရှားပါးမှုဒဏ်တို့ကြောင့် အခြေခံလူတန်းစားတို့အတွက် ကုန်ဈေးနှုန်းကြီးမြင့်မှုတို့ကို ခါးစည်းခံစားရနိုင်ချေ များနေပါသည်။

         ယခုကပင် စတင်၍ မြန်မာပြည်အလယ်ပိုင်း၊ မကွေး၊ စစ်ကိုင်း၊ မန္တလေးတိုင်းဒေသကြီးတို့တွင် သောက် သုံးရေရှားပါးမှုများ ကြုံတွေ့နေရပြီ ဖြစ်သည်။ နှစ်မိုင်သုံးမိုင်မျှ ဝေးလံသော နေရာများသို့ ရေတစ်အိုးရရှိရေးအ တွက် အချိန်ကုန်၊ လူပင်ပန်းခံ၍ နေ့စဉ်သွားရောက်သယ်ယူနေရသော ကျေးလက်နေပြည်သူများ၏ ရေဒုက္ခ၊ နေ့စဉ်စားဝတ်နေရေးဒုက္ခများကို လူသားချင်းစာနာမှုအရ နိုင်ငံရေးပါတီများသည်လည်း တစ်ဖက်တစ်လမ်းမှ ၀ိုင်းဝန်းကူညီရမည်ဟု ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ခံယူပါသည်။

         " ပြည်သူ့အတွက် NDF " ဟူသည့် ပါတီဆောင်ပုဒ်နှင့်အညီ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏ အဆင့်ဆင့်သော ပြည်နယ်/တိုင်းဒေသကြီး/မြို့နယ်နှင့် ရပ်ကျေးစည်းရုံးရေးကော်မတီများသည် ဤသဘာဝ ဘေးအန္တရာယ်ကို ပြည်သူများတင်ကြိုသတိချပ်ကာကွယ်နိုင်ရေးကို နိုင်ငံရေးတာဝန်အဖြစ် အသိပေးနိုးဆော်ကြ ပါရန် တိုက်တွန်းအပ်ပါသည်။

         ဤသို့ ရေရှားပါးမှု၊ အပူချိန်မြင့်တက်လာမှု စသည့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများ၊ တောမီးလောင် ကျွမ်းမှုများအပါအ၀င် ရပ်ကွက်ကျေးရွာအတွင်း မီးလောင်ဆုံးရှုံးနိုင်မှုများ ဖြစ်ပေါ်နိုင်ပါသည်။ ယင်းသို့သော အကြောင်းကို မိမိတို့နေထိုင်ရာ မြို့နယ်အတွင်း ပြည်သူများသတိမူလာကြစေရန် မြို့နယ်စည်းရုံးရေးကော်မတီ များက နိုင်ငံရေးအသိစိတ်ဓာတ်ရှိရှိ  နယ်မြေအတွင်းရှိ သက်ဆိုင်ရာ လူမှုရေးအဖွဲ့အစည်းများ၊ NGO များနှင့် ပူး ပေါင်းလက်တွဲ၍  ပြည်သူများသို့ အသိပေးနိုးဆော်ရေး  ဆောင်ရွက်သွားကြပါရန် ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေ စီအင်အားစုပါတီ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီမှ တိုက်တွန်းအပ်ပါသည်။

         ယင်းသို့သော ရေရှားပါးမှု၏ နောက်ဆက်တွဲဆိုးကျိုး အန္တရာယ်များကို ယခုတည်ဆဲနှင့် မကြာမီတွင် တာဝန်ယူကြမည့် အာဏာပိုင်အဖွဲ့အစည်းအဆင့်ဆင့်တို့မှ ပြည်သူ့အတွက် စီမံချက်များ ချမှတ်ပြီး ကြိုတင် ဆောင်ရွက်ကြပါရန် ကျွန်ုပ်တို့အမျိုးသားဒီမိုကရေစီအင်အားစုNDF ပါတီမှ အထူးပန်ကြားတိုက်တွန်းအပ်ပါသည်။

                                                             ဗဟိုအလုပ်အမှုဆောင်ကော်မတီ

                                                            အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

No comments:

Post a Comment