Saturday, January 24, 2015

NDFသတင်းထုတ်ပြန်ချက်အမှတ် (၂/၂၀၁၅)/ ညီနောင်ပါတီအဖြစ် လက်မှတ်ရေးထိုး

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ် (၂/၂၀၁၅)

ရက်စွဲ။ ၂၄-၁-၂၀၁၅

 

အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီနှင့်  ညီညွတ်သောဒီမိုကရက်တစ်ပါတီ UDP တို့ ၂၀၁၅ ရွေးကောက်ပွဲတွင် ညီနောင်ပါတီအဖြစ် ၀င်ရောက်ရန် သဘောတူလက်မှတ်ရေးထိုး

        ၂၄-၁-၂၀၁၄ ရက်နေ့ နံနက် ၁၁း၀၀နာရီတွင် ရန်ကုန်မြို့၊ အနောက်မြင်းပြိုင်ကွင်းလမ်းရှိ အမျိုးသားဒီမို ကရေစီအင်အားစုပါတီ၊ ဗဟိုဌာနချုပ်အစည်းအဝေးခန်းမတွင် အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီနှင့်  ညီညွတ်သောဒီမိုကရက်တစ်ပါတီ UDP တို့ ၂၀၁၅ ရွေးကောက်ပွဲတွင် ညီနောင်ပါတီအဖြစ် ၀င်ရောက်ရန် သဘောတူလက်မှတ်ရေးထိုးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

        ထိုလက်မှတ်ရေးထိုးပွဲသို့ ပါတီဥက္ကဌ ဦးခင်မောင်ဆွေ ဦးဆောင်သော အမျိုးသားဒီမိုကရေစီအင်အား စုပါတီ ဗဟို အလုပ်အမှုဆောင်ကော်မတီဝင်များ၊ ပါတီဥက္ကဌ ဦးလှမြင့် ဦးဆောင်သော ညီညွတ်သောဒီမိုကရက် ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များနှင့် UDPပါတီအမှုဆောင်ဥက္ကဌ ဦးကျော်မြင့်တို့ တက်ရောက် ခဲ့ကြသည်။

        ညီနောင်ပါတီအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရန် ညှိနှိုင်းဆွေးနွေးရခြင်းအကြောင်းရင်းများကို UDP ပါတီဥက္ကဌ ဦးလှမြင့်နှင့် NDF ပါတီဥက္ကဌ ဦးခင်မောင်ဆွေတို့က အသီးသီး ရှင်းလင်းပြောကြားခဲ့ကြပြီး တက်ရောက်လာသူ  ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များက မိမိတို့အမြင်သဘောထားများကို ဆွေးနွေးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသူများ၏ ရှေ့မှောက်တွင် ညီနောင်ပါတီအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရန် ကြေညာချက်ကို ပါတီဥက္ကဌများက သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။

        ညီနောင်ပါတီ၏  ဂုဏ်ထူးဆောင်နာယကအဖြစ် ဆောင်ရွက်မည့် UDP ပါတီအမှုဆောင်ဥက္ကဌ ဦးကျော်မြင့်က ညီနောင်ပါတီအဖြစ် ဆောင်ရွက်ရခြင်းကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ထို့နောက် NDF  ပါတီဥက္ကဌ ဦးခင်မောင်ဆွေက    NDF ပါတီ၏ ရပ်တည်ချက်ဖြစ်သော  ငြိမ်းချမ်းရေး၊ ညီညွတ်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းကြောင်းများပေါ်မှ ဆက်လက်လျှောက်လှမ်းသွားမည့်အကြောင်းများကို

ပြောကြားပြီး  ညီနောင်ပါတီအဖြစ် လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို နေ့လည် ၁၂း၃၀ နာရီတွင် အောင်မြင် စွာ  ကျင်းပပြီးစီးခဲ့ပါသည်။

        ဤသဘောတူညီချက်အရ NDF ပါတီနှင့် UDP ပါတီတို့သည် ၂၀၁၅ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်မြေ ပေါင်း ၃၀၀ တွင် ၀င်ရောက်ယှဉ်ပြိုင်ကြရန် ရည်ရွယ်ထားပြီး မြန်မာ့နိုင်ငံရေးတွင် နှစ်ဖက်အကြား ညှိနှိုင်းပေး မည့် စုစည်းညီညွတ်သည့် တတိယအင်အားစုတစ်ခုအဖြစ် ဖြစ်ပေါ်လာစေရန်ကိုလည်း ရည်မှန်းထားကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

 

 

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး ကျင်းပပြုလုပ်

        ၂၄-၁-၂၀၁၄ ရက်နေ့ နံနက် ၁၀း၀၀နာရီတွင် ရန်ကုန်မြို့၊အနောက်မြင်းပြိုင်ကွင်းလမ်းရှိ  အမျိုးသား ဒီမို ကရေစီအင်အားစုပါတီ၊ဌာနချုပ်ရုံးအစည်းအဝေးခန်းမတွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။ ထိုအစည်းအဝေးသို့  ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ ဒုဥက္ကဌများဖြစ်ကြသော ဦးစိုးဝင်း နှင့် ဦးစိန်လှဦး၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းနိုင်၊ အတွင်းရေးမှူး(၂) ဦးနေမင်းကျော်၊ ဘဏ္ဍာရေးမှူး ဦးသက်ထွန်းမောင်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များဖြစ်ကြသော ဦးကျော်အောင်၊ ဦးသာဆိုင်၊ ဦးတိုးတိုး၊ ဦးအောင်ဆန်း၊ ဦးကြီးမြင့်၊ ဦးထက်အောင်ကျော်နှင့် ဦးအေးမင်းထွန်းတို့ တက်ရောက်ခဲ့ကြသည်။

        အစည်းအဝေး ပထမပိုင်းတွင် NDF ပါတီနှင့် UDP ပါတီတို့ ညီနောင်ပါတီအဖြစ်ပူးပေါင်း၍ ၂၀၁၅ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့်ကိစ္စကို ပါတီဥက္ကဌ ဦးခင်မောင်ဆွေက ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများက မိမိတို့သဘောထားများကို ဆွေးနွေးတင်ပြခဲ့ကြသည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ညီနောင်ပါတီအဖြစ် ပူးပေါင်းဝင်ရောက်ခြင်းကို တက်ရောက်လာသူများက သဘောတူညီခဲ့ကြသည်။

        ထို့နောက် အစည်းအဝေးဒုတိယပိုင်းအဖြစ် NDF ပါတီနှင့် UDP ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီများ၏ အစည်းအဝေးကို ဆက်လက်ကျင်းပပြီး နေ့လည် ၁၂း၃၀နာရီတွင် ခေတ္တရပ်နားခဲ့သည်။

နေ့လည် ၁း၃၀နာရီတွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးကို ဆက်လက်ကျင်းပပြီး ပါတီစည်းရုံး ကိစ္စများ၊ ၀င်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်မြေများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းရွေးချယ်ရေးမူများ၊ တိုင်းနှင့်ပြည်နယ်အလိုက် စည်းရုံးရေးဆင်းရန်ဆောင်ရွက်ချက်များ၊ တိုင်းနှင့်ပြည်နယ်အလိုက် ပါတီ၏ ဆောင်ရွက်ထားမှုများ၊ ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီဖွဲ့စည်းရေးကိစ္စများကို  ဆွေးနွေးခဲ့ကြပြီး ညနေ ၃း၀၀နာရီတွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း  သတင်းထုတ်ပြန်အပ်ပါသည်။

 

No comments:

Post a Comment