ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်
ကြေညာချက်အမှတ် ( ၇/ ၂၀၁၄)
ရက်စွဲ။ သြဂုတ်လ(၁၃)ရက်၊ ၂၀၁၄
ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် FDA ၏နိုင်ငံရေးဆွေးနွေးပွဲကျင်းပရေးဆိုင်ရာ သဘောထားထုတ်ပြန်ခြင်း
၁။ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် FDA အနေဖြင့် နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးပြီးနောက် ဖြစ်ပေါ်လာမည့် Political Dialogue နိုင်ငံရေးဆွေးနွေးပွဲများ စတင်ကျင်းပရာတွင် ပါဝင်ဆွေးနွေးနိုင်ရန်အတွက် FDA အဖွဲ့၏ နိုင်ငံရေးဆွေးနွေးပွဲစာတမ်း Political Dialogue frame Work ဖြစ်မြောက်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်ခဲ့ပါသည်။
၂။ ထိုကဲ့သို့ လုပ်ဆောင်ရာတွင် NCCT အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ မြန်မာ့ငြိမ်းချမ်းရေးစင်တာ MPC နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ Political Dialogue ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်၍ နိုင်ငံတကာပညာရှင်နှင့် အပြန်အလှန်ဆွေးနွေးခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် FDAအတွင်း ညှိနှိုင်းဆွေးနွေးခြင်းတို့ကို ပြုလုပ်ခဲ့ပါ
သည်။
၃။ ၈-၈-၂၀၁၄ ရက်နေ့နှင့် ၁၂-၈-၂၀၁၄ ရက်နေ့များတွင် ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် FDA အဖွဲ့ဝင် ပါတီများမှ ပါတီခေါင်းဆောင်များနှင့် ပါတီကိုယ်စားလှယ်များ ညှိနှိုင်းဆွေးနွေး၍ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် FDA ၏ Political Dialogue နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ သဘောထားစာတမ်းကို သဘောတူထုတ်ပြန်ခဲ့ပါသည်။
ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်(FDA)
အမှတ် ၁၇၊ ရှစ်လွှာ၊ အခန်း ၈၀၂
၅၂ လမ်း၊ အောက်ဘလောက်၊
မဟာဗန္ဓုလလမ်းနှင့်ကုန်သည်လမ်းကြား
ဗိုလ်တထောင်မြို့နယ်၊ရန်ုကုန်။
ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် FDA
နိုင်ငံရေးဆွေးနွေးပွဲကျင်းပရေးဆိုင်ရာ သဘောထား
ရက်စွဲ။ ၂၀၁၄ခုနှစ်၊ သြဂုတ်လ( ၁၂)ရက်
၁။ ဦးတည်ချက်
- တရားမျှတလွတ်လပ်ငြိမ်းချမ်း၍ ခွင့်တူညီမျှ နိုင်ငံသားပြည်သူတို့၏ ဘ၀တို့ကို အမှန်တကယ်
ရရှိပိုင်ဆိုင် နိုင်စေရေးအတွက် နိုင်ငံရေးအဖြေ ရှာဖွေရန်၊
- ထိုသို့ အဖြေရှာရာတွင် လူ့အခွင့်အရေးနှင့်ပြည့်ဝသော ဒီမိုကရေစီလူ့အဖွဲ့အစည်းအဖြစ်သို့လည်း
ကောင်း၊ တိုင်းရင်းသားပြည်သူအားလုံးတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် မွေးရာပါအခွင့်အရေးများကို
အာမခံချက်ရရှိစေမည့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် ထူထောင်ရေးအတွက်လည်းကောင်း၊
နိုင်ငံရေးပြဿနာမျာကို ညှိနှိုင်းအဖြေရှာရန်၊
- နိုင်ငံရေးတွင် ပါဝင်ပတ်သက်သူ All Stake holders များ၏ အများစု၏သဘောဆန္ဒတို့မှ ရရှိသော
ညှိနှိုင်းမှုရလာဒ်တို့ဖြင့် အခြေခံဥပဒေကို ပြင်ဆင်ရန်၊
၂။ နိုင်ငံရေးဆွေးနွေးပွဲတွင် ပါဝင်သင့်သည့်အဖွဲ့အစည်းများ
နိုင်ငံရေးဆွေးနွေးပွဲတွင် ပါဝင်မည့် ဦးရေကို အောက်ပါအတိုင်း ခွဲခြားသတ်မှတ်သည်-
(က)အုပ်စု - ဥပဒေပြုရေးလွှတ်တော် တက်ရောက်မည့်ဦးရေ ၁၅၀ ဦး
- အုပ်ချုပ်ရေး အစိုးရ
- တပ်မတော်
(ခ)အုပ်စု - လက်နက်ကိုင်အဖွဲ့များနှင့် တက်ရောက်မည့်ဦးရေ ၁၅၀ ဦး
၎င်းတို့၏ သက်ဆိုင်ရာအဖွဲ့အစည်းများ
(ဂ)အုပ်စု - နိုင်ငံရေးပါတီများ တက်ရောက်မည့်ဦးရေ ၁၅၀ ဦး
တက်ရောက်မည့်ဦးရေစုစုပေါင်း - ၄၅၀ဦး
မှတ်ချက်(၁) နိုင်ငံရေးပါတီ (၇၀)ခန့်ရှိမည် ဖြစ်သည်။ ထို့ကြောင့် ခန့်မှန်းညီလာခံကိုယ်စားလှယ် ၁၀၀ခန့် ရှိမည်ဖြစ်ပါသည်။်
မှတ်ချက်(၂) အခြားဖိတ်ကြားသင့်သည့် ပညာရှင်များ/ အခြားအဖွဲ့အစည်းများ/ အုပ်စုများ ကို ဖိတ်ကြား ရာတွင် (က)၊(ခ)နှင့် (ဂ) အုပ်စုများမှ တာဝန်ရှိပုဂ္ဂိုလ်များအစည်းအဝေးက ဆွေးနွေးညှိနိုင်း၍ ဆုံးဖြတ်ရန် ဖြစ်သည်။

၃။ ဆွေးနွေးရမည့်အချက်များ
(က) ပြည်ထောင်စုနိုင်ငံသားများ၏ လူမှုဘ၀ဖူလုံရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အာမခံချက်ရရှိရေး၊
(ခ) အနာဂတ်ကာလ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ရေရှည်တည်တံ့နိုင်စေရေး၊
(ဂ) သဘာဝသယံဇာတထုတ်ယူသုံးစွဲစီမံခန့်ခွဲမှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊
(ဃ) ပြည်နယ်နှင့်တိုင်းဒေသကြီးများ၏ စီးပွားရေးလုပ်ငန်းလုပ်ပိုင်ခွင့်များ ပိုမိုခွဲဝေရရှိ၍ စီးပွားရေး ဘ၀ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ပေါ်လာစေရေး၊
(င) အချုပ်အခြာအာဏာခွဲဝေကျင့်သုံးမှုတွင် ပြည်နယ် /တိုင်းဒေသကြီးအစိုးရများနှင့် ပြည်ထောင်စု အစိုးရတို့အကြား ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်သဘောတရားးနှင့်အညီ စီမံပိုင်ခွင့်တို့ကို မထိခိုက်စေ ဘဲ အပြန်အလှန်ထိန်းညှိကွပ်ကဲသောစနစ် ထူထောင်ရေး၊
(စ) လွတ်လပ်သောတရားစီရင်ရေးသည် အခြားမဏ္ဍိုင်များမှ ထိန်းချုပ်မှုကင်းလွတ်စေသကဲ့သို့ တရားရေးမဏ္ဍိုင်ကိုယ်တိုင်ကပင် မျှတလွတ်လပ်၍မှန်ကန်ပြီး ဘက်လိုက်မှုကင်းသော တရားစီရင်မှု ဖြစ်စေရေး၊
(ဆ) ပြည်ထောင်စုတိုင်းရင်းသားပြည်သူများ၏ အခွင့်အရေးကို အာမခံချက်ရှိသော ဖက်ဒရယ် ပြည်ထောင်စုစနစ်ဖြစ်ထွန်းရေးနှင့် ဒီမိုကရေစီလူ့ဘောင်သို့ ကူးပြောင်းရေးရောက်ရှိနိုင်ရေး၊
(ဇ) အမျိုးသားအကျိုးစီးပွားနှင့် အမျိုးသားလုံခြုံရေးတို့ကို အာမခံချက်ရှိစေသော နိုင်ငံရေး၊ စီးပွားရေး၊လူမှုရေးပိုင်းဆိုင်ရာ ဥပဒေများ ဖြစ်ထွန်းပေါ်ပေါက်လာစေရေး၊
(ဈ) နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များကို ပြည်ထောင်စုနိုင်ငံသားအားလုံး၏ အကျိုး အတွက်လည်းကောင်း၊ ဒီမိုကရေစီယဉ်ကျေးမှုနှင့် ကိုက်ညီစေရန်လည်းကောင်း၊ နိုင်ငံတော် ကာကွယ်ရေးကိစ္စရပ်များကို အမျိုးသားညီညွတ်ရေးမူဘောင်အတွင်းမှ တစ်ခုတည်းသော အမျိုးသားအားလုံးကို ကိုယ်စားပြုသည့် ပြည်ထောင်စုတပ်မတော် ပေါ်ပေါက် ရေးကို ညှိနှိုင်းစဉ်းစားအကောင်အထည်ဖော်စေရေး စသည်တို့ ဖြစ်သည်။
၎။ နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးအစီအစဉ်။
အဆိုပါဆွေးနွေးပွဲကို အများဆုံး ကိုယ်စားလှယ်ဦးရေ(၄၅၀)ဦးခန့်ဖြင့် ကျင်းပရန် ဖြစ်သည်။ ထိုအရေ အတွက်မှာ ခန့်မှန်းခြေသာ ဖြစ်၍ စဉ်းစားရ လွယ်ကူစေရန် ဖော်ပြထားခြင်းသာ ဖြစ်သည်။ ဤသည်မှာ ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ဖက်ဒရယ်စနစ်နှင့် ဒီမိုကရေစီအသွင်သဏ္ဍာန်များ တစ်စတစ်စ တိုးတက်ဖြစ်တည်လာရေး အတွက် ရည်ရွယ်သည်။ သို့ပါ၍ အချိန်ကာလသတ်မှတ်ချက်( Time Frame)အတွင်း နိုင်ငံရေးယုံကြည်မှုရစေ ရန် ပြင်ဆင်သင့်၊ ပေးသင့်သည့်အချက်များကို ဦးစွာဆွေးနွေးရန် ဖြစ်ပါသည်။
ယင်းသို့ဆွေးနွေးရာတွင် ကိုယ်စားလှယ် ၄၅၀ ထဲမှ သဘာပတိအဖွဲ့ ( ၃၀ မှ ၄၅)ဦးခန့်ကို ရွေးချယ်၍ နိုင်ငံရေးဆွေးနွေးပွဲဦးစီးအဖြစ် ဆောင်ရွက်နိုင်ရန် ဖြစ်ပါသည်။ ဤအဖွဲ့တွင် ဆွေးနွေးပွဲပြင်ပမှ ပေးပို့လာမည့် အကြံပြုချက်၊ သဘောထားထုတ်ပြန်ချက်၊ ပညာရပ်ပိုင်းဆိုင်ရာတင်ပြချက်များကို လေ့လာစိစစ်၍ (၄၅၀)ဦးပါ ဆွေးနွေးပွဲတွင် လိုအပ်သည်များကို ထည့်သွင်းဆွေးနွေးနိုင်ရန် ဖြစ်သည်။
ဤဆွေးနွေးပွဲမှ အများသဘောတူရရှိလာသည့် အခြေခံမူဘောင်အတည်ပြုချက်များကို ပြည်ထောင် စုလွှတ်တော်သို့ တင်သွင်းသွားမည် ဖြစ်ပါသည်။
(၅) ဆွေးနွေးပွဲကာလသတ်မှတ်ချက်
(က) ၂၀၀၄-စက်တင်္ဘာနှင့်အောက်တိုဘာလ အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးခြင်းနှင့် နိုင်ငံရေး . . ဆွေးနွေးပွဲမူဘောင်ချမှတ်ခြင်း၊
(ခ) ၂၀၁၄ နိုဝင်္ဘာ- ဒီဇင်္ဘာ ကြားဖြတ်ရွေးကောက်ပွဲ(ရှိလျှင်)
(ဂ) ၂၀၁၅ ဇန်န၀ါရီ- ဖေဖော်ဝါရီ နိုင်ငံရေးဆွေးနွေးပွဲများကို အထက်အပိုဒ်(၃)ပါ အတိုင်း . . ဆွေးနွေးရန်၊
(ဃ) ၂၀၁၅ မေ၊ ဇွန်၊ ဇူလိုင် အထက်အပိုဒ်(ဂ)ပါ ဆွေးနွေးချက်များထဲမှ-
- တိုင်းဒေသကြီး၊ ပြည်နယ်များ၏ အာဏာလုပ်ပိုင်ခွင့်များ
- သယံဇာတခွဲဝေသုံးစွဲရေးမူဘောင်များ
- နယ်စပ်ဒေသများအထိ ဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေး ကျင့်သုံးနိုင်ရန် တိုးချဲ့ရေး အစီအစဉ်များ၊
- အသစ်ဖြစ်ထွန်းလာသော ငြိမ်းချမ်းရေးနယ်မြေများ၌ ပြန်လှယ်ထူထောင်ရေးလုပ်ငန်းများဖြင့် နိုင်ငံရေး ယုံကြည်မှု ရယူနိုင်စေရေး ကြိုးပမ်းချက်များ၊
- ပလပ်မြေနှင့် စိုက်ပျိုးမြေများကို ဒေသဆိုင်ရာ အာဏာပိုင်များ၏ကွပ်ကဲမှုဖြင့် လယ်ယာနှင့် သီးနှံကုန်ထုတ်လုပ်ငန်းများ အချိန်တိုအတွင်း ပေါ်ပေါက်လာစေခြင်းများကို ပထမဦးစားပေး ဖော်ဆောင်ရမည် ဖြစ်ပါသည်။
(င) ၂၀၁၅ - သြဂုတ်- အပိုဒ်(ဃ)ပါ ဆွေးနွေးမှုများမှ သဘောတူညီချက်များကို . . ဆွေးနွေး၍ မှတ်တမ်းတင်အတည်ပြုရန်၊
(စ) ၂၀၁၅ - စက်တင်္ဘာ- အောက်တိုဘာ အပိုဒ်(င)ပါမှတ်တမ်းတင်အတည်ပြုချက်များထဲမှ လုပ်ငန်း. ပိုင်းဆိုင်ရာ အကောင်အထည်ဖော်နိုင်သည့်အချက်များကို . ဆက်လက်ဆောင်ရွက်ရန်၊
(ဆ) ၂၀၁၅ နိုဝင်္ဘာ-ဒီဇင်္ဘာ အထွေထွေရွေးကောက်ပွဲကာလ
(ဇ) ၂၀၁၆ ဇန်န၀ါရီ အထက်အပိုဒ်(စ)ပါ သဘောတူအတည်ပြုချက်များကို ရုပ်လုံးပေါ်စေပြီး ငြိမ်းချမ်းရေးအတွက်နိုင်ငံရေးဆွေးနွေးပွဲ
. ပထမအဆင့်ပြီးမြောက်စေရန် နှင့် နိုင်ငံရေးယုံကြည်မှု ထူထောင်နိုင်ရန် ဆက်လက်ဆောင်ရွက်ရန်တို့ ဖြစ်သည်။
No comments:
Post a Comment