Saturday, July 12, 2014

NDF ပါတီနှင့် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီတွေ့ဆုံ

အမျိုးသားဒီိမိုကရေစီအင်အားစုပါတီ

သတင်းထုတ်ပြန်ရေးအဖွဲ့

သတင်းထုတ်ပြန်ချက်အမှတ်  ၃၃/ ၂၀၁၄

ရက်စွဲ။ ၂၀၁၄ခုနှစ်၊ ဇူလိုင်လ(၁၂)ရက်

NDF ပါတီနှင့် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီတွေ့ဆုံ

         ရန်ကုန်တိုင်းဂျာနယ်တွင် ဆောင်းပါးရှင် စည်သူအောင်မြင့်ရေးသားသော NDF ပါတီ၏ နိဂုံး ဆောင်းပါး နှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအင်အားစုပါတီက မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီသို့ တိုင်ကြားထားခဲ့ ပါသည်။ ထိုတိုင်ကြားချက်အရ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ၊ အငြင်းပွားမှုနှင့် တိုင်ကြားမှုများ ညှိနှိုင်းဖြေရှင်း ရေးကော်မတီမှ အမျိုးသားဒီမိုကရေစီအင်အားစုပါတီဥက္ကဌအား ကောင်စီနှင့်တွေ့ဆုံဆွေး နွေးရန် ဖိတ်ကြားခဲ့ပါ သည်။  ထိုဖိတ်ကြားချက်အရ  ၁၂-၇-၂၀၁၄ ရက်နေ့ နံနက် ၁၁း၀၀ နာရီတွင် ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်းဆုံ၊ ယုဇနတာဝါ၊ ၉ထပ်ရှိ စာနယ်ဇင်းကောင်စီရုံးခန်းတွင် NDF ပါတီနှင့် စာနယ်ဇင်းကောင်စီတွေ့ဆုံဆွေးနွေးပွဲ  ပြုလုပ်ခဲ့သည်။ ထိုတွေ့ဆုံပွဲသို့ NDF ပါတီဥက္ကဌ ဦးခင်မောင်ဆွေနှင့် ပါတီဗဟိုအလုပ်အမှုဆောင်ကော် မတီဝင်များ နှင့် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

         ဆွေးနွေးပွဲအစတွင် စာနယ်ဇင်းကောင်စီညှိနှိုင်းဖြေရှင်းရေးကော်မတီ တာဝန်ခံ ဦးဖေမြင့်မှ NDF ပါတီ်၏ တိုင်ကြားချက်အရ ရန်ကုန်တိုင်းဂျာနယ်မှ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးထားမှုများကို ရှင်းလင်းပြောကြား ခဲ့ပြီး  ထိုဆောင်ပါး၏ မမှန်မကန်ဖော်ပြမှုများကြောင့်ပါတီအနေဖြင့် နစ်နာရမှုများကို ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ ပါတီဥပဒေရေးရာအဖွဲ့ခေါင်းဆောင် ဦးကြီးမြင့်တို့က တင်ပြခဲ့သည်။ တင်ပြချက်များတွင်-

 ၁။     မလျှော်ကန်သောဖော်ပြချက်ဖြစ်သည့် နိဂုံးဆိုသော စာစုသည် သတင်းမီဒီယာဥပဒေ ပုဒ်မ ၉(ဃ)ပါ မလျှော်ကန်သောပြုလုပ်မှုတစ်ရပ်ဖြစ်ကြောင်း၊ ယင်းသို့ပြုလုပ်မှုမျိုးကို ရှောင်ကြဉ်ရမည်ဟု ဖော်ပြထားချက်အား  ရုပ်ဆိုးစွာချိုးဖောက်ထားသည့်အတွက် NDF ပါတီမှ နိုင်ငံတော်၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် ပြည်သူအ တွက်အားကျိုးမာန်တက်ဆောင်ရွက်နေမှုများအား သေးသိမ်စရာအဖြစ် ဖော်ပြခြင်းသည် ကျွနုပ်တို့ NDF ပါတီ အတွက် လွန်စွာနစ်နာရခြင်း၊

၂။      ယင်းသို့တစ်ဖက်စောင်းနင်းရေးသားဖော်ပြချက်ကို ရန်ကုန်တိုင်းဂျာနယ်မှ သတင်းမီဒီယာဥပဒေပုဒ်မ ၂(ဈ)အရ စိစစ်ခြင်း၊ ပုံနှိပ်ခြင်းမပြုမိ ဖြတ်တောက်ဖယ်ရှားတားမြစ်ခြင်း မပြုတော့ဘဲ အများပြည်သူသိစေရန် နေ့စဉ်ထုတ် မြန်မာ့အလင်း၊ ကြေးမုံသတင်းစာများတွင် ကြော်ငြာထည့်ခြင်း၊ ရန်ကုန်တိုင်းဂျာနယ်တွင် ဖော်ပြခြင်း မှာ နှစ်ဦးနှစ်ဖက်အကြံတူစွာဖြင့် သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၅(ခ) ကို ကျူးလွန်ရာ ရောက်နေပါကြောင်း၊

၃။      သတင်းမီဒီယာဥပဒေပုဒ်မ ၉(ဆ)နှင့်ပြောင်းပြန်ပြု၍ ပီအာစနစ်အကြောင်းရေးသားချက်မှ အခြေခံဥပ ဒေ ပုဒ်မ ၅၉(စ) နှင့် မဆီမဆိုင်တွဲစပ်ပြီး ပြည်သူတွေကို လိမ်လည်လှည့်ဖျားနေတာဟု ရေးသားခြင်းသည် သတင်းမီဒီယာဥပဒေပုဒ်မ ၂၅(ခ) ကို  ကျူးလွန်ရာ ရောက်နေကြောင်း၊

၎။      လက်ကျန် NDF ပါတီဝင်များ လုပ်သမျှဟာ အာဏာရပြည်ခိုင်ဖြိုးအကြိုက်ချည်းပဲဟုလည်းကောင်း၊  ပြည်သူအတွက် အလုပ်မလုပ်လို့၊  ပြည်သူ့ဆန္ဒကိုဆန့်ကျင်ပြီး လုပ်နေလို့  ရွေးကောက်ပွဲမှာ အရှုံးကြီးမယ့် ပါတီ တစ်ခုရဲ့ သွေးရှုးသွေးတန်းလုပ်ရပ်ဟု မှတ်ယူနိုင်သည်ဟုလည်းကောင်း၊  NLD၊ ပြည်ခိုင်ဖြိုးပါတီတို့နဲ့ ခြားနားတဲ့ ကိုယ်ပိုင်နိုင်ငံရေးမရှိတဲ့ပါတီတစ်ခု အဖြစ်လည်းကောင်း၊  ပြည်သူတွေမကြိုက်တဲ့  ပီအာတို့၊ မျိုးစောင့်ဥပဒေ ထောက်ခံတာတို့၊ ၅၉(စ) မပြင်ရေး စသဖြင့် ဝေဖန်ထားခြင်းများသည် NDF ပါတီအား စာဖတ်သူပြည်သူများအား အမြင်စောင်းစေနိုင်သည့်လုပ်ရပ်များ ဖြစ်ပေါ်စေနိုင်ပါသည်ဟု ပါတီဥက္ကဌမှ တင်ပြခဲ့ပြီး ပါတီအနေဖြင့် မျိုးစောင့် ဥပဒေကို ထောက်ခံကြောင်း တရားဝင်ထုတ်ပြန်ထားခြင်းမရှိသကဲ့သို့ ပုဒ်မ ၅၉(စ)နှင့် ပုဒ်မ ၄၃၆ အပါအ၀င် အခြေခံဥပဒေပုဒ်မ(၆၅)ချက်ကို ပြင်ဆင်ရန်နှင့် အသစ်ထပ်မံထည့်သွင်းရန် ၂၀၁၃ ခုနှစ် ဇွန်လကပင် အများပြည်သူသိအောင် ထုတ်ပြန်ကြေညာထားသကဲ့သို့ အခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီသို့ လည်း ပေးပို့ထားပြီး ဖြစ်ကြောင်းဖြင့် ထပ်မံရှင်းလင်းပြောကြားခဲ့ပါသည်။

         ထို့နောက် စာနယ်ဇင်းကောင်စီအနေဖြင့် မိမိတို့လုပ်ပေးနိုင်သည့် အနေအထားများကို ရှင်းလင်းပြော ကြား ခဲ့ပြီး  NDF ပါတီအနေဖြင့် မိမိတို့၏ ဖြစ်စေလိုသော အနေအထားများကို ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီတွင် ဆွေးနွေးဆုံးဖြတ်ပြီး မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီသို့  အမြန်ဆုံးပြန်လည် အကြောင်းကြား ပေးရန် ဆွေးနွေးခဲ့ကြပြီး တွေ့ဆုံပွဲကို နေ့လည် ၁၂း၂၀ နာရီတွင် ရုပ်သိမ်းခဲ့ပါကြောင်း သတင်းထုတ်ပြန် အပ်ပါသည်။

သတင်းထုတ်ပြန်ရေးအဖွဲ့

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

No comments:

Post a Comment