ကျွန်တော်နှင့် ကိုးလိုးကန့်လန့်အန်စာတုံးအတွေး
အန်စာတုံးတစ်တုံးကို ဖြတ်ကနဲကြည့်ရင်
အပေါ်ဆုံးက ပေါ်နေတဲ့ ဂဏန်းကို အရင်မြင်။
ဒါက ကိုယ်စိတ်ဝင်စားတဲ့ နေရာဆိုတော့
တစ်လား၊နှစ်လား၊ ခြောက်လား ဆိုတာပေါ့။
စိတ်ဝင်တစားက ဒီပေါ်မှာရောက်။
ပြီးရင် ထပ်ကြည့်
၂ နဲ့ ၅ ဂဏန်းကိုမြင်။
ဒါက တစ်နေရာတည်းကနေ မရွေ့ပဲ ကြည့်လို့ရတဲ့အမြင်။
ဒီထက်ပိုမြင်ချင်သူတွေကတော့ ဒီလိုအသေထိုင်ကြည့်နေလို့မှမရ။
ကျန်တဲ့ဘက်မှာ ဘာတွေရှိသလဲဆိုတာ မြင်ချင်ရင်တော့
အသေထိုင်၊ အသေရပ်နေလို့မရ၊
ကိုယ်က နေရာရွေ့ကြည့်ရတော့မှ မြင်ရမှာကိုး။
အဲ့ဒီတော့လည်း နေရာရွေ့ပေါ့။
ဒီတော့လည်း ကျန်တာတွေ မြင်ရတွေ့ရ။
၎လား ၆ လားနဲ့။
နေရာမရွေ့ အထိုင်မရွေ့ရင်တော့
၎ နဲ့ ၆ မမြင်။
မြင်နေတဲ့ ၁၊ ၂ ။၅ နဲ့ ကိုယ့်အမြင်ကို အဆုံးသတ်။
အားလုံးဒီလောက်ပါပဲလို့ ကိုယ့်ကိုယ်ကိုဘောင်ခတ်
အတွေးစက်ဝိုင်းကို အသေပိတ်နဲ့
ကျန်တာတွေ ရှိမှန်းမသိတော့။
အဲ့ဒီတော့လည်း အတွေးက ၁။ ၂။ ၅ တင်ရပ်
ဒီထက်လည်း ပိုမတွေးနိုင်တော့
တွေးနိုင်သူတွေက ကိုယ့်ထက်ရှေ့ကို တလှမ်းသာ၊
ပုန်းနေတဲ့ နံပါတ် ၃ ကို ဘယ်လိုကြည့်ရပါ။
အသေထိုင်ကြည့်တော့့လည်း မတွေ့ရ
နေရာရွေ့ကြည့်တော့လည်း မမြင်ရ၊
ရှိတော့ရှိနေပေမယ့် မတွေ့ရ၊ မမြင်ရရင်တော့
မ-ပြီးသာ ကြည့်ပေတော့။
ပြောတော့တာ လွယ်လိုက်တာ၊
မ-ပြီးကြည့်လိုက်ပါလားဆိုတာ
မ-ပြီးကြည့်ရမယ်ဆိုတဲ့အတွေးလေးက ၀င်ဦးမှ။
မ-ကြည့်နိုင်ဖို့ကလည်း အင်အားစိုက်ထုတ်နိုင်ဦးမှ၊
ဒီအင်အားကလည်း တော်ရုံတန်ရုံနဲ့မရ၊
စကားတစ်လုံးတည်းနဲ့ပြောရရင်တော့ WISDOM
ထပ်ချဲ့ကားပြောရရင်တော့ ကြည့်တတ်ဖို့လိုအပ်ချက်တွေက
အများသား။
ဘက်ပေါင်းစုံတွေးကြပါလို့ ပြောနေကြတာက နားနဲ့မဆန့်။
မြန်မာ့နိုင်ငံရေးမှာကတော့
အသေထိုင်၊ အသေရပ်တွေက အများစု။
ပြောတော့ပြောနေကြပေမယ့် တကယ်မလုပ်နိုင်ကြတာပဲ ရှိတယ်။
ကိုယ့်ဖက်၊သူ့ဖက်တင်မက
ကိုယ်နဲ့သူ မဟုတ်တဲ့ အခြားသူတွေဖက်လည်း
ရှိနေတာကို မေ့နေခဲ့ကြ ။
တွေးတောစဉ်းစားပြီး ထည့်သွင်းတွက်ချက်ပေးရမယ့်
အချက်အလက်တွေက သမိုင်းနဲ့ချီပြီး ရှိနေဆဲ။
ရန်-ငါ စည်းပြတ်တာကိုပဲ ဂုဏ်ယူနေကြတဲ့ကာလမှာ
ဘက်ပေါင်းစုံမြင်နိုင်အောင် တွေးကြည့်ကြပါဆိုတာက
သဲကန္တာရထဲကို မှောက်ကျသွားတဲ့ ရေတစ်ခွက်ပါလား။
အဲ့ဒီတော့လည်း အန်စာတုံးနံပတ် ၄ နဲ့ ၅ကိုမြင့်ဖို့
အထိုင်ရွေ့ကြည့်နိုင်ကြမယ့် နိုင်ငံရေးခေါင်းဆောင်များ
အန်စာတုံး နံပတ် ၃ ကို
မ-ပြီးကြည့်နိုင်တဲ့ နိုင်ငံရေးခေါင်းဆောင်တွေ
များများနဲ့အမြန်ဆုံး ကျွန်တော်တို့နိုင်ငံမှာ
ပေါ်လာနိုင်ပါစေ။
မိုးကုတ်ကိုတိုး(၁၁-၇-၂၀၁၄)
$$ kotoetoe $$
No comments:
Post a Comment