Wednesday, June 25, 2014

fda နိုင်ငံရေးဆွေးနွေးပွဲသင်တန်းအစီရင်ခံစာ

ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် FDA

အမျိုးသားအဆင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ

အစီရင်ခံစာ

ရက်စွဲ။  ၂၀၁၄ခုနှစ်၊ ဇွန်လ(၁)ရက်

 

         ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် FDA ၏အမျိုးသားအဆင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ  Workshop On National Dialogue ကို  ရန်ကုန်မြို့၊ ဦးဖိုးစိန်လမ်းရှိ Green Hill hotel တွင် မေလ ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့များတွင် ကျင်းပခဲ့သည်။ ထိုဆွေးနွေးပွဲသို့ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် အဖွဲ့ဝင်ပါတီများ ဖြစ်ကြသော ကရင်ပြည်သူ့ပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီ၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ မတူကွဲပြားခြင်း နှင့်ငြိမ်းချမ်းရေးပါတီ၊ မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ စုစုပေါင်း ၉ ပါတီမှ ပါတီကိုယ်စားလှယ် ၃ဦးစီ တက်ရောက်ခဲ့ကြသည်။ ကရင်ဒီမိုကရက်တစ်ပါတီနှင့် ပြည်ထောင်စုဒီမိုက ရေစီပါတီမှ တက်ရောက်နိုင်ခြင်း မရှိခဲ့ပါ။ နယ်မှလာရောက်လာသူများကို ဟိုတယ်တွင် တည်းခိုရန် စီစဉ်ပေးခဲ့

သည်။

         သင်တန်းသို့ Euro- Burma Office မှ ပညာရှင်တစ်ဦးဖြစ်သူ Mr. Hannes Siebertမှ လာ ရောက်ပို့ချ ခဲ့သည်။ သူသည် နိုင်ငံများ၏ National Dialogue အဆင့်ဆွေးနွေးပွဲများတွင် ၀င်ရောက်ကူညီ အကြံပေးနေသော ပညာရှင်တစ်ဦးဖြစ်ပြီး လက်ရှိတွင် မြန်မာပြည်နှင့် ယီမင်နိုင်ငံတို့၏ National Dialogue ဆွေးနွေးပွဲများတွင် ပါဝင်နေသော ပညာရှင်တစ်ဦး ဖြစ်သည်။

         ပထမဦးစွာ အရှေ့အလယ်ပိုင်းနှင့် အာရပ်နိုင်ငံများတွင် ဖြစ်ပေါ်နေသော နိုင်ငံရေး ပြောင်းလဲမှုအခြေ အနေများကို တစ်နိုင်ငံချင်းအလိုက် ရှင်းလင်းပြောဆိုခဲ့သည်။  အထူးသဖြင့် ယီမင်၊ ဆီးရီးယား၊ လက်ဘနွန်နှင့် တူနီးရှားအခြေအနေများနှင့် ထိုနိုင်ငံများ၏ National Dialogueအဆင့် ဆွေးနွေးပွဲများ ဖြစ်ပေါ်လာရန် လုပ်ဆောင်မှုများ၊ ပါဝင်သူရွေးချယ်မှုများနှင့် ဆုံးဖြတ်ချက်ချမှတ်ပုံများ၊ ညီလာခံဖွဲ့စည်းပုံနှင့် လုပ်ဆောင်ပုံများ နှင့် အချိန်ကာလယူရပုံများ၊ ကြုံဆုံရသောအကျဉ်းအကျပ်များကို ကိုင်တွယ်ဖြေရှင်းပုံများကို ရှင်းလင်းပြောကြားခဲ့ သည်။ ထိုအထဲမှ ဖြစ်ပေါ်ရင်ဆိုင်ရသော အခက်အခဲများ၊ ပြဿနာများကို ထုတ်နုတ်ပြပြီး ပါတီများအနေဖြင့် ထိုဖြစ်ရပ်များကို သင်ခန်းစာယူသင့်ကြောင်း အကြံပြုခဲ့သည်။ လက်ဘနွန်၊ တောင်အာဖရိက နှင့် ယီမင်နိုင်ငံတို့၏ National Dialogue ဆောင်ရွက်ပုံများကို ဆလိုက်များဖြင့် ရှင်းလင်းပြောကြားခဲ့သည်။ ထိုသို့ အင်္ဂလိပ်ဘာသာဖြင့် ရှင်းလင်းပြောကြားချက်များကို သင်တန်းစီစဉ်သူ တစ်ဦးဖြစ်သော ချင်းတိုးတက်ရေး ပါတီမှ ဒေါ်ချယ်ရီဇာဟောဝ်က မြန်မာလို့ အကျဉ်းချုပ်ဘာသာပြန်ပေးခဲ့သည်။

         နံနက်ပိုင်းပို့ချချက်များကို နေ့လည် ၁၂း၄၅နာရီတွင် ရပ်နားပြီး နေလည်စာ ကျွေးမွေးသည်။

         နေ့လည်ပိုင်းအစီအစဉ်များကို နေ့လည် ၁း၄၅နာရီတွင်ပြန်လည်စတင်သည်။  National Dialogue လုပ်သည့်အခါ ရင်ဆိုင်ရမည့်အဆင့်များကို ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဘက်မှတင်ပြသော frame Work နှင့် ညီနောင်သားချင်းပါတီများအဖွဲ့မှ တင်ပြသော frame work များကို ဆလိုက်များဖြင့်ထိုးပြ၍ ရှင်းလင်းပြောကြားခဲ့သည်။   

         ထိုFrame Work များကိုကြည့်၍  သင်တန်းသားများအနေဖြင့် အုပ်စုလေးစုခွဲပြီး ပေးထားသော ခေါင်းစဉ်များအလိုက်  မိမိစိတ်ဝင်စားသည့် အချက်အလက်များကို အုပ်စုဖွဲ့ဆွေးနွေးပြီး နောက်တစ်ရက် သင်တန်းတွင် ပြန်လည်တင်ပြရန် ပြောကြားပြီး  ပထမရက်သင်တန်းကို ရပ်နားခဲ့သည်။

         အုပ်စု(၁)       Mandate and Process Priciple

                 ဦးလှမြင့် UDP ဦးအောင်ကြီး မြန်မာ့လူဘောင်သစ်၊ ဥိးဝင်းတင်၊ စောစန်းဒို၊ စောဝင်ကျော်

         အုပ်စု(၂)       Agenda, Issues, Sequencing

                 ဦးဇင်အောင် မြန်မာ့လူ့ဘောင်သစ်၊ ဦးဒစ်ဆင်ထွန်းလင်း ကရင်ပြည်သူ့ပါတီ

         အုပ်စု(၃)       Participate and Decision

                 ဦးတိုးတိုး၊ ဦးကျော်အောင်၊ ဦးအောင်ဆန်း၊ ဦးအေးမင်းထွန်း ( NDF)၊ ဦးမျိုးညွန့် DM 

ဦးသက်ဦး ညီညွတ်သော ဒီမိုကရက်တစ်၊ ဒေါ်ကြည်ကြည်မော် DM

အုပ်စု(၄)       Management Mechanisms , Support Studies, Commucation

         ဦးအောင်သန်းမြင့်၊ ဦးမျိုးညွန့်၊ ဦးနေ၀င်းအောင်၊ ဦးဇော်ဝင်း၊  Bdy Ngm Bil Thluai, Lal tin Khum

 

         သင်တန်းဒုတိယရက်ဖြစ်သော ၂၉-၅-၂၀၁၄ ရက်နေ့ မနက်ပိုင်းတွင် အုပ်စုလိုက် မိမိတို့ကျရာ ခေါင်းစဉ် အတိုင်း ပထမဦးစွာ ၀ိုင်းဖွဲ့ဆွေးနွေးကြပြီးနောက် စာတမ်းပြုစုကာ  အားလုံးရှေ့တွင် ဆွေးနွေးချက် များကို ရှင်းပြရန်ဖြစ်သည်။

         ပထမဦးစွာ အုပ်စု (၁) က Mandate and Process Priciple အပိုင်းဆွေးနွေးချက်များကို တင်ပြရာတွင်

အဖွဲ့(၁)ကိုယ်စား မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ဦးအောင်ကြီးက-

         MANDATE ပေးပိုင်ခွင့်ကို ၁။ တည်ဆဲအစိုးရနှင့်လွှတ်တော်မှ ၃၅%၊ လက်နက်ကိုင် အဖွဲ့အစည်းများမှ ၃၅%၊ နိုင်ငံရေးပါတီများ(လွှတ်တော်အတွင်း/အပြင်) မှ ၁၀%၊ လူမှုရေးအဖွဲ့အစည်းများမှ ၁၀%နှင့် လူထုလေး စားသောပုဂ္ဂိုလ်များမှ ၁၀%ပါဝင်သော ထိပ်သီးငြိမ်းချမ်းရေးကော်မတီကို ဖွဲ့စည်း ဆောင်ရွက်ရန်နှင့်၊  ထိုကော်မတီမှ အမျိုးသားတွေ့ဆုံဆွေးနွေးရေးပူးတွဲစီမံခန့်ခွဲရေးကော်မတီကို  အုပ်စု(၁)မှ ၁၅%၊အုပ်စု(၂)မှ ၁၅% နှင့် ကျန်အုပ်စုသုံးစုမှ ၁၀%စီ ပါဝင်ဖွဲ့စည်းရန်၊  ထိုကော်မတီအနေဖြင့် တာဝန်များအဖြစ် တာဝန်များ အဖြစ်-

          (၁)    ထိပ်သီးကော်မတီတွင် ဆွေးနွေးမည့် အကြောင်းအရာများကို ရွေးချယ်ခြင်း၊

         (၂)     လုပ်ငန်းချော့မွေ့စေရေးအတွက် စဉ်းစားခြင်း၊

         (၃)     Technical Team များကို စီမံခန့်ခွဲခြင်း၊

         (၄)     ထိပ်သီးကော်မတီသို့တင်သွင်းမည့် အဆိုပြုချက်များအား နိဂုံးချုပ်ပေးခြင်း၊

         (၅)     ထိပ်သီးညီလာခံအတွင်း ရှေ့ဆက်မရပါက ပြန်ဖြေပေးခြင်း။

         ထိုတင်ပြချက်များအနက် ပြန်လည်မေးခွန်းမေးရာတွင် အစိုးရနှင့် လက်နက်ကိုင်များ၏ ပါဝင်မှု ရာခိုင်နှုန်း များနေခြင်းကို အဓိကထား၍ မေးမြန်းကြသည်။

 

အုပ်စု(၃)အဖွဲ့အနေဖြင့်         Participate and Decision ကဏ္ဍ စုပေါင်းဆွေးနွေးချက်များကို အဖွဲ့ကိုယ်စား အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ဦးတိုးတိုးမှ တင်ပြခဲ့သည်။

         ပြည်ထောင်စုညီလာခံအတွက် ဖိတ်ကြားသင့်သူများကို

         ၁။      အစိုးရနှင့်တပ်မတော်

         ၂။      တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ

         ၃။      နိုင်ငံရေးပါတီများ

         ၄။      လွှတ်တော်

၅။      အရပ်ဖက်လူမှုအဖွဲ့အစည်းများဟူ၍ဖြစ်ပြီး

         အမျိုးသားအဆင့်ညီလာခံကို အမှတ်စဉ်(၁)မှ (၄)အထိ  တူညီသောလူဦးရေအချိုးအစား(ဥပမာ ၂၀၀စီ) ဖြင့် ကျင်းပရန်ဖြစ်သည်။ ထိုညီလာခံမှ ပူးတွဲလုပ်ငန်းကော်မတီကို  တစ်ဖွဲ့လျှင် ၂၀ ဦးစီဖြင့် ဖွဲ့စည်းပြီး လိုအပ်သော လုပ်ငန်းကော်မတီခွဲများကို လိုအပ်သမျှ ဖွဲ့စည်းရန်ဖြစ်သည်။ ထိုလုပ်ငန်းကော်မတီခွဲများတွင် အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကို အချိုးအစားအလိုက် ထည့်သွင်းဖွဲ့စည်းရန် ဖြစ်သည်။ ဆွေနွေးချက်များကို လွှတ်တော်က အတည်ပြုပေးရမည်ဖြစ်သဖြင့် လွှတ်တော်အမတ်များ ပါဝင်မှုမရှိသော ညီလာခံဆုံးဖြတ်ချက်များကို လွှတ်တော်အမတ်များအနေဖြင့် အပြည့်အ၀ထောက်ခံရန် ဖြစ်နိုင်ချေ နည်းသဖြင့် လွှတ်တော်၏အခန်းကဏ္ဍကို ထည့်သွင်းခြင်းဖြစ်ပြီး ဆိုင်ရာလွှတ်တော်များမှ ပါဝင်ရမည့်ကိုယ်စားလှယ်များကို စည်းမျဉ်းစည်းကမ်းများသတ်မှတ်၍ ရွေးချယ်ပေးရန် ဖြစ်သည်။

ပြည်ထောင်စုအဆင့်ညီလာခံကို တစ်ဖွဲ့လျှင် ၂၀၀ ဦးစီပါဝင်သော အဖွဲ့ငါးဖွဲ့ဖြင့် ဖွဲ့စည်းရန်ဖြစ် သည်။

ဆုံးဖြတ်ချက် ချမှတ်ခြင်း။

တက်ရောက်လာသူများ၏ အနည်းဆုံး ၇၅% သဘောတူသော ဆုံးဖြတ်ချက်များကို အများက လိုက်နာ ရန်ဖြစ်သည်။  သဘောတူညီမှုမရရှိသော ဆုံးဖြတ်ချက်များကို သက်ဆိုင်ရာအဖွဲ့များတွင် ပြန်လည်ဆွေးနွေးရန် ဖြစ်သည်။ အရပ်ဖက်လူ့မှုအဖွဲ့အစည်းများ ကိုယ်စားလှယ်များ မဲပေးခွင့် ပေးသင့်/မပေးသင့်ကိုမှု စဉ်းစားချင့်ချိန်ရန် ဖြစ်သည်။

 နိုင်ငံရေးပါတီများ ပါဝင်မှုအချိုးအစားနှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်းရာခိုင်နှုန်းကို အဓိကထားမေးမြန်းခဲ့ကြ ရာတွင် ပြန်လည်ဖြေကြားရာတွင် နိုင်ငံရေးပါတီများကို တရားဝင်မှတ်ပုံတင်ထားသော ပါတီများကိုသာ ပါဝင်ခွင့် ပြုရန်၊  နိုင်ငံရေးပါတီများအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့၊ အစိုးရအဖွဲ့များနှင့် ပါတီများအဖွဲ့တွင် ပါဝင်မှု ရှိနေသဖြင့် အနည်းဆုံး ၅၀%ခန့် ပတ်သက်နေသည်ဟု ယူဆနိုင်ပါကြောင်း၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများတွင် လည်း နိုင်ငံရေးနှင့်ယှက်နွယ်သောအဖွဲ့များ ရှိနိုင်ပါကြောင်း၊ ဆုံးဖြတ်ချက်ကိုချမှတ်ရာတွင် သုံးပုံနှစ်ပုံထက် လေးပုံသုံးပုံက ပိုကောင်းမည်ဟု ထင်မြင်ပါကြောင်း၊ မိမိလက်မခံနိုင်သော အဆိုပြုချက်များကို ကန့်ကွက်လိုပါက ၂၅%ကို ရှာနိုင်မည်ဟု ထင်ပါကြောင်း၊ ဖြစ်နိုင်ပါက အားလုံးသဘောတူညီနိုင်သော ဆုံးဖြတ်ချက်မျိုးကို လိုချင် ပါကြောင်း၊ လက်နက်ကိုင်ထားသောအဖွဲ့အစည်းများက လက်မခံနိုင်သော ဆုံးဖြတ်ချက်မျိုး ဖြစ်နေပါက ငြိမ်းချမ်း ရေးလမ်းစဉ် ထိခိုက်နိုင်မှုကို ထည့်သွင်းစဉ်းစားဖို့ လိုပါကြောင်း ပြန်လည်ရှင်းလင်းခဲ့သည်။

 

အုပ်စု(၂)အနေဖြင့် Agenda, Issues, Sequencing ကဏ္ဍ ဆွေးနွေးချက်များကို  မြန်မာ့လူ့ဘောင်သစ် ပါတီမှ ဦးဇင်အောင်မှ ရှင်းလင်းပြောကြားရာတွင်

၁။      Fram work ရေးဆွဲရာတွင် ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် FDA ပါဝင်နိုင်ရေး၊ ထိုသို့ရေးဆွဲရာ တွင်  Time Frame ပါဝင်ရေး၊

၂။      Political Dialogue ဖြစ်သည့်အလျှောက် Political Paries များအနေဖြင့် ၅၀% ပါဝင်မှုဖြစ်ရေး၊

၃။      ပညာရေး၊ ကျန်းမာရေး

၎။      ဖွံ့ဖြိုးရေး/ ပြန်လည်ထူထောင်ရေး၊(မြစ်ဆုံ၊ စစ်ဘေးဒုက္ခသည်များ)

၅။      နိုင်ငံတော်ပြန်လည်ဖွဲ့စည်းရေး( Reconstrucation)

         constitution/ federalism

၆။      ပြည်ထောင်စုတပ်မတော် ပြန်လည်ဖွဲ့စည်းခြင်း။

ပြဿနာဖြစ်ပွားမှု အနည်းဆုံးဖြစ်နိုင်သော အကြော်းအရာများကို အရင်ဆုံးဆွေးနွေးပြီး တဖြည်းဖြည်း ပိုမိုခက်ခဲသောကဏ္ဍများကိုဆွေးနွေးရန်ဖြစ်ကြောင်း၊ နိုင်ငံရေးဆွေးနွေးပွဲဖြစ်သဖြင့် နိုင်ငံရေးပါတီများကို ပိုမို နေရာ ပေးသင့်ကြောင်း၊ ထိုသို့ဆွေးနွေးရာတွင်လည်း FDA အဖွဲ့အနေဖြင့် ပါဝင်နိုင်ရန် ဆောင်ရွက်ထားဖို့ လိုအပ် ကြောင်း၊ အငြင်းပွားမှုများစွာဖြစ်စေနိုင်မည့် အခြေခံဥပဒေပြင်ဆင်ရေး၊ ဖက်ဒရယ်နိုင်ငံနှင့် ဖက်ဒရယ်တပ်မတော် ကိစ္စများကို နောက်ဆုံးတွင်ဆွေးနွေးရန် လျာထားကြောင်းဖြင့် ရှင်းပြခဲ့သည်။

 

အုပ်စု(၄)အနေဖြင့် Management Mechanisms , Support Studies, Commucation ကဏ္ဍ စုပေါင်းဆွေးနွေးချက်များကို ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီမှ ဦးမျိုးညွန့်မှ အဖွဲ့ကိုယ်စားတင်ပြခဲ့သည်။

ပါဝင်ရမည့်သူများအဖြစ် အစိုးရအဖွဲ့ကိုယ်စားလှယ် ၊ မြန်မာ့တပ်မတော်ကိုယ်စားလှယ်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှကိုယ်စားလှယ်၊ နိုင်ငံရေးပါတီများမှကိုယ်စားလှယ်၊ စီးပွားရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်ကြရမည် ဖြစ်သည်။ တိုင်းပြည်စီးပွားရေးအတွက် စီးပွားရေးအကြံပြုနိုင်သူများ ပါဝင်ရန် လိုအပ်နေသည်။ 

         တက်ရောက်ရမည့် အရေအတွက်နှင့်စပ်လျဉ်း၍


၁။      အစိုးရ                   ၃၅ဦး

၂။      မြန်မာ့တပ်မတော်      ၃၅ ဦး

၃။      တိုင်းရင်းသားလက်     ၁၀၀-၁၅၀

နက်ကိုင်များ

၎။      လွှတ်တော်              ၇၀ဦး

၅။      စီးပွားရေးအဖွဲ့အစည်းများ ၁၅ဦး

၆။      လူမှုအဖွဲ့အစည်းများ    ၁၀ဦး

၇။      နိုင်ငံရေးပါတီများ               ၂၂၀- ၂၅၀


         ဖော်ပြပါပုဂ္ဂိုလ်များဖြင့်သာ တစ်မျိုးသားလုံးဆိုင်ရာ ဆွေးနွေးပွဲသဘာပတိအဖွဲ့ ဖွဲ့စည်းရမည်။

၂။      အတွင်းရေးမှူးအဖွဲ့ကို   (၁)နှင့်(၂)မှ ၅ဦးစီ၊ (၃)မှ ၁၀ဦး၊ (၄)မှ ၅ဦး၊ (၅)မှ ၃ဦး၊ (၆)မှ ၂ဦး၊ (၇)မှ ၁၀ဦး ဖြင့်  ဖွဲ့စည်းပြီး အထောက်အကူပြုကော်မတီများကို  (၁)မှ(၇)အဖွဲ့အသီးသီးမှ သုံးဦးစီနှင့် ပညာရှင်နှင့်ကျွမ်းကျင် သူများ(စုစုပေါင်း ၁၀၀)ခန့်ဖြင့် ဖွဲ့စည်းရမည်။

ဆပ်ကော်မတီများမှာ

၁။      ဆက်သွယ်ညှိနှိုင်းရေးကော်မတီ

၂။      လုပ်ငန်းများစောင့်ကြည့်လေ့လာရေးကော်မတီ

၃။      ဘဏ္ဍာရေးကော်မတီ

၎။      သုတေသနကော်မတီ

၅။      သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ရေးကော်မတီ

၆။      လူမှုရေးကော်မတီ

၇။      လုံခြုံရေးကော်မတီတို့ ဖြစ်သည်။

         ဤအဖွဲ့၏ အဓိကဆွေးနွေးချက်များ ပါဝင်ရမည့်အဖွဲ့အစည်းများရွေးချယ်ခြင်းနှင့် ဦးရေသတ်မှတ်ခြင်း ဖြစ်သည်။

 

         တင်ပြချက်များအားလုံးအပြီးတွင် ပြန်လည်ဆွေးနွေးချက်များ၌-

၁။      လွှတ်တော်အခန်းကဏ္ဍ ပါဝင်လာမှုသည်  တင်ပြချက်အသစ်ဖြစ်သည်။

၂။      ပါဝင်ရမည့်အဖွဲ့အစည်းနှင့် ရာခိုင်နှုန်းအချိုးအစားသည် တင်ပြချက်သာဖြစ်ပြီး အတည်ဖြစ်ရန်အတွက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရဦးမည် ဖြစ်ပြီး အပြောင်းအလဲများလည်း ရှိမည် ဖြစ်သည်။

၃။      ယခုတစ်ကြိမ်သည် ပထမဦးဆုံး ဆွေးနွေးမှုသာ ဖြစ်ပြီး ထပ်မံတွေ့ဆုံဆွေးနွေးရန် လိုအပ်မည် ဖြစ်သည်။

         FDA အနေဖြင့် အဖွဲ့၏ Frame work တစ်ခုကို ရေးဆွဲပြီး တင်ပြန်ရန် လုပ်ဆောင်သင့်သည်။

၎။      နိုင်ငံရေးပါတီများနှင့် ဒီမိုကရက်တစ်အင်အားစု ဆိုသည့် အသုံးအနှုန်းတွင်  ဒီမိုကရက်တစ်အင်အားစု များကို မည်ကဲ့သို့ အဓိပ္ပါယ်ဖွင့်ဆိုရမည်နည်းဆိုသည်မှာ ဆွေးနွေးရမည့်အချက်များ ဖြစ်သည်။

၅။      အရပ်ဖက်လူ့အဖွဲ့အစည်း CSO ဆိုသည်မှာလည်း အဓိပ္ပါယ်ကျယ်ဝန်းသဖြင့်  ဖိတ်ကြားသင့်သူများကို ရွေးချယ်ရန်မှာလည်း တိကျသောသတ်မှတ်ချက်များ ရှိသင့်သည်။

၆။      အချို့သော လွယ်ကူသည့်အချက်များသည် အခြေခံဥပဒေတွင် ပြည်နယ်/တိုင်းများနှင့် ဗဟိုအစိုးရ အကြား အာဏာခွဲဝေမှု၊ လုပ်ပိုင်ခွင့်ခွဲဝေမှုများနှင့် ပတ်သက်နေသည့်အတွက် ဆက်စပ်နေသည်များကို လည်း ကြည့်ရန်လိုအပ်နေသည်။

၇။      မြန်မာပြည်ရှိ NCCT နှင့် NBF ၏ FRAME WORK များကို  စနစ်တကျလေ့လာနိုင်ခဲ့သည်။ အခြားနိုင်ငံ များ၏ ငြိမ်းချမ်းရေးဖြစ်စဉ်များကိုလည်း သိရှိရသဖြင့် FDA အနေဖြင့် မိမိတို့၏  Frame work များကို တိုင်ပင်ညှိနှိုင်း၍ ဆွေးနွေးကြရန် ဖြစ်သည်။

၈။      နောက်ထပ်သင်တန်းတစ်ခုကို လာမည့် ဇူလိုင်လ ပထမပတ်တွင်ထပ်မံပြုလုပ်မည် ဖြစ်သည်။

၉။      သင်တန်းတက်ရောက်သူများအနေဖြင့်  မိမိတို့၏သက်ဆိုင်ရာပါတီခေါင်းဆောင်ပိုင်းသို့ ယခုဆွေးနွေး ချက်များကို ပြန်လည်တင်ပြ၍ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်FDA ၏ ငြိမ်းချမ်းရေးမူဘောင်ကို စုပေါင်း ဆွေးနွေးပြီး ထုတ်ပြန်နိုင်ရေးအတွက် လုပ်ဆောင်ကြရန် ဖြစ်သည်။

မှတ်တမ်းတင်သူ၏

ဦးတိုးတိုး

အမျိုးသားဒီမိုကရေစီအင်အားစု (NDF)

09 4500 57088

No comments:

Post a Comment