မိုးကုတ်ကိုတိုးနှင့် အမှတ်တရနေ့ရက်များ(၂) 12020213thursday 12:30AM
ကျွန်တော်နှင့်ရုံးဖွင့်ပွဲများ
နိုင်ငံရေးပါတီတစ်ခုဖြစ်လာရင် ပါတီရုံးဖွင့်ပွဲတွေ လုပ်နေရတာက ပုံမှန်ထုံးစံပါပဲ။ အနည်းဆုံး ရပ်ကွက်အဆင့် ရုံးကနေ မြို့နယ်ရုံးတွေ ၊ တိုင်းရုံးတွေ၊ နောက် ဌာနချုပ်ရုံးတွေ ဖွင့်ပွဲတွေ လုပ်ကြရတာပါ။ ဆိုင်းဘုတ်တင်၊ ရုံးခန်းဖွင့်တယ် ဆိုတာ ပြောရတာကတာလွယ်တယ်၊ စီစဉ်ရတာက လက်ဝင်တယ်။ သာမန်ရပ်ကွက်ရုံးကလေးဖွင့်ဖို့တောင် အတော်ပြင်ဆင်ရတယ်။ ဗဟိုဌာနချုပ်ရုံးဆိုရင် ပိုတောင်စီစဉ်ရတယ်။ သွားဖို့လာဖို့၊ ဖိတ်ဖို့၊ ပြောဖို့ဆိုဖို့၊ ခွင့်ပြုချက်တင်ဖို့၊ နောက်ဆုံး ကျွေးဖို့မွေးဖို့အထိ စဉ်းစားရတယ်။ ပွဲကျင်းပရင် လူဘယ်လောက်ဖိတ်မလဲဆိုသလို ဗဟိုဌာနချုပ်ကလည်း ဘယ်နှစ်ယောက်သွားမလဲ၊ ဘယ်သူတွေပါမလဲ၊ ဘယ်သူတွေပြောမလဲဆိုပြီး စဉ်းစားရသလို သွားဖို့လာဖို့ အစီအစဉ် ဘယ်လိုလုပ်မလဲ၊ ကားဌားမလား၊ ဘယ်သူ့ကားကို ချောဆွဲမလဲ၊ ဓာတ်ဆီဖိုးဘယ်လောက်ကုန်မလဲ၊ အလှူငွေဘယ်လိုရှာမလဲဆိုတာတွေ စဉ်းစားပြီး စီစဉ်ရတယ်။ ဒါမျိုးဆို အထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းနိုင်က အကျွမ်းဆုံးပဲ။ NLD မှာတုန်းကလဲ ပွဲတွေကို သူစီစဉ်ခဲ့တာ များတယ်။ ကျွန်တော်တို့ပါတီက ရံပုံငွေနဲ့ အလှူရှင်ချို့တဲတဲ့ ပါတီဖြစ်နေတော့ ကုန်ကျစရိတ်အနည်းဆုံးဖြစ်အောင် စီစဉ်ရတယ်။
လောလောဆယ်အနီးစပ်ဆုံး ရုံးဖွင့်ပွဲနှစ်ခုအကြောင်း ပြောပြချင်တယ်။ အဲ့ဒီရုံးတွေကတော့ ဒဂုံမြို့သစ်တောင် ပိုင်း က မြို့နယ်ရုံးသစ်ဖွင့်ပွဲနဲ့ မြောက်ဥက္ကလာပမြို့နယ်က (င)ရပ်ကွက်ဖွင့်ပွဲတွေအကြောင်းပါ။
ဒဂုံမြို့သစ်တောင်ပိုင်းကတော့ အရင် ရန်ကုန်တိုင်းဥက္ကဌလုပ်သွားတဲ့ ကိုကျော်ဖေယျာဝင်း ၂၀၁၀ တုန်းက ၀င်ပြိုင်ခဲ့တဲ့ နေရာပါ။ သူ့လက်ထက်မှာ ရုံးဖွင့်နိုင်မှုမရှိခဲ့ပေမယ့် မြို့နယ်စည်းကတော့ ဖွဲ့ထားနိုင်ခဲ့တယ်။ နောက်ပိုင်းမှာ ပါတီနဲ့ မြို့ခံတွေ အဆက်အသွယ်ကျဲသွားပြီး ကြားဖြတ်ရွေးကောက်ပွဲနီးလာမှ ပြန်ဆက်သွယ်မိခဲ့တယ်။ ဒဂုံမြို့သစ်တောင်ပိုင်းဥက္ကဌ ဦးကျော်မင်းက သူတို့ဆီမှာ တနင်္ဂနွေနေ့တိုင်း ပါတီပေါင်းစုံ စုစည်းပြီး သန့်ရှင်းရေးလုပ်အား ပေး ပွဲကို ဦးဆောင်လုပ်လာတယ်။ ကြံ့ခိုင်ရေး၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)နဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီဝင် တွေနဲ့ ရပ်ကွက်ထဲက မီးသတ်၊ ကြက်ခြေနီနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ပါဝင်ပြီး လုပ်အားပေးပွဲတွေ လုပ်ကြတယ်။ ဌာနချုပ်ကိုလည်း သတင်းလာပို့တော့ ကျွန်တော်က သူတို့လုပ်ဆောင်မှုသတင်းတွေကို ပါတီဖေစ်ဘုတ်မှာတင်ပြီး အခြားမီဒီယာတွေဆီကို ထပ်မံ ပေးပို့ပေးတယ်။ အခုနောက်ဆုံးကတော့ ၁၀၇ ရပ်ကွက်အတွင်းရှိ ဧရာမင်း ၁၁ လမ်းကို အလျားပေ ၈၀၀၊ အနံ၁၂ပေ၊ ထု ၆လက်မ ကွန်ကရစ်လမ်းကို NDF၊ ကြံခိုင်ရေး၊ ဒီမိုကရက်တစ်ပါတီနဲ့ NLD အပြင် သံယာတော်များကပါ ပါဝင်လုပ်အားပေးခဲ့တယ်ဆိုတာ သိရပါတယ်။
တောင်ဒဂုံရုံးဖွင့်ပွဲနဲ့ ပတ်သက်ပြီးပြောရရင် ရုံးဖွင့်ပွဲကို လုပ်မယ်လုပ်မယ်နဲ့ ပါတီခေါင်းဆောင်တွေအားမယ့်ရက် ရွေးရင်း နောက်ဆုံး ဖေဖော်ဝါရီလ(၉) ရက်နေ့ မှာ လုပ်မယ်လို့ သတ်မှတ်ကြပြီး လိုအပ်တာတွေကို ရန်ကုန်တိုင်းစည်းနဲ့ တောင်ဒဂုံကလူတွေ ပူးတွဲလုပ်ကြတယ်။ ဆိုင်းဘုတ်ကိစ္စ၊ဗွီနိုင်းကိစ္စ၊ အလံနဲ့ ရင်ထိုး၊ အကျီ င်္ တွေအထိ စီစဉ်ကြသလို ဌာနချုပ်ကလည်း ရုံးဖွင့်ပွဲကို ဘယ်သူတွေလိုက်မလဲ၊ ဘယ်ကားနဲ့သွားမလဲ၊ အခမ်းအနားအစီအစဉ်ကဘာတွေလဲ၊ ဘယ်သူတွေပြောမလဲ ဆိုပြီး တိုင်ပင်ကြတယ်။ ကံဆိုးသူတွေကတော့ ကိုယ်ပိုင်ကားရှိကြတဲ့ ဗဟိုအလုပ်အမှုဆောင်ကော် မတီဝင်တွေပဲ၊ ဦးသက်ထွန်းမောင်၊ ဦးကြည်သန်းနဲ့ ဦးနေမင်းကျော်၊ ဦးတိုးပိုနဲ့ ပါတီဘဏ္ဍာရေးအဖွဲ့ဝင် ဒေါ်မြင့်မြင့်မော်တို့ ရဲ့ကားတွေက လိုရင်လိုသလို ပင်တိုင်သုံးနေတဲ့ ကားတွေပါ။ သူများတွေက ရပ်ကွက်ရုံးဖွင့်ပွဲတောင် ပါတီရဲ့ ထိပ်တန်းပုဂ္ဂိုလ်တွေက တက်ပြီး မိန့်ခွန်းပြောဖွင့်နေကြတာကို တွေ့နေရတာမို့ မြို့နယ်ရုံးဖွင့်ပွဲကို ပါတီခေါင်းဆောင်တွေ တက်နိုင်အောင် အချိန်တွေကို ကြိုညှိနေရတယ်။ နိုင်ငံခြားသံတမန်တွေ၊ အဖွဲ့အစည်းတွေ၊ ပြည်တွင်းအဖွဲ့အစည်းတွေ၊ ဆွေးနွေးပွဲတွေ၊ ဖိုရမ်တွေက ဖိတ်တာတွေက များနေလို့ ရက်မညှိအောင် ကြိုတင်ချိန်းထားရတယ်။ ပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်းက မလိုက်နိုင်တာကြောင့် ပါတီဥက္ကဌ ဦးခင်မောင်ဆွေကို မဖြစ်မနေပါအောင် ကြိုပြောထားရတယ်။ အခြားအရေးကြီးတဲ့အလုပ်တွေ မရှိရင် လိုက်ကြဖို့ ကျန်တဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေကို မှာထားတယ်။
ဌာနချုပ်ရုံးမှာ မနက် ၈း၀၀နာရီစုပြီးထွက်မယ်၊ ဌာနချုပ်နဲ့ နီးတဲ့သူတွေက ဌာနချုပ်ကိုလာပြီး ကျန်တဲ့သူတွေက နီးစပ်ရာနေရာတွေမှာစုပြိး သွားကြဖို့ အစီအစဉ်ဆွဲကတည်းက ပြောထားတယ်။ ဒါကြောင့် ပါတီဌာနချုပ်မှာ ဦးကြည်သန်းနဲ့ ဦးနေမင်းကျော်ကားနှစ်စီးနဲ့ ပါတီဥက္ကဌ ဦးခင်မောင်ဆွေ၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းနိုင်နဲ့ ရန်ကုန်တိုင်းစည်းတွေ စုပြိးသွားကြမယ်။ ကျွန်တော်ကတော့ သတင်းထောက်အလုပ်လုပ်ရမယ့်သူဆိုတော့ ကင်မရာတစ်လုံး၊ MP3 တစ်ခုနဲ့ မပါမဖြစ်ပေါ့။
စထွက်ကတည်က ယဉ်သကိုပဲ။ ကိုနေမင်းကျော်က နေသိပ်မကောင်းလို့ နောက်ကျတာနဲ့ ၉း၀၀ လောက်မှ ထွက်ဖြစ်တယ်။ တောင်ဒဂုံက အားလုံးမရောက်ဖူးတဲ့နေရာမို့ လမ်းကမှားနေသေး။ လမ်းညွှန်တဲ့ ဦးကြီးမြင့်ကလည်း မှားနေ၊ လမ်းဘေးကလူတွေကိုမေးရင် ၁၀၇ ရပ်ကွက်၊ မြ၀တီမင်းကြီးလမ်းကို ရောက်လာတယ်။ ကျွန်တော်တို့ကားက မုဒ်ဦးလုပ်ထားတဲ့လမ်းနဲ့ ပြောင်းပြန်မောင်းဝင်လာတယ်။ အချို့နေရာမှာ ကားအောက်ပိုင်းမလွတ်လို့ ဒိုင်းကနဲချိုင်းကနဲ တိုက်မိတဲ့နေရာက လေးငါးနေရာလောက်။ ကားပိုင်ရှင် ကိုနေမင်းကျော် ဘယ်လောက်များချွေးပြန်နေမလဲ။
တောင်ဒဂုံရုံးဖွင့်ပွဲက လမ်းအ၀မှာ မုဒ်ဦးလုပ်ထားတယ်။ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ မြို့နယ်ရုံးခန်းဖွင့်ပွဲ ဆိုပြီး လမ်းထိပ်မှာချိတ်ထားတယ်။ ပါတီအလံ နီနီရဲရဲ တွေကိုလည်း လမ်းတစ်လျှောက်လွင့်ထူ ထားတယ်။ အရင်က နိုင်ငံတော်အလံဖြစ်တဲ့ ကြယ်ငါးလုံးနဲ့ ကြယ်ဆယ့်လေးလုံး အလံနဲ့ ခပ်ဆင်ဆင်။ အနီ၊အပြာနဲ့ အဖြူ။
ကားမှာက ပါတီဥက္ကဌ ဦးခင်မောင်ဆွေ ပါလာတော့ အားလုံးက ၀ိုင်းကြိုဆိုနှုတ်ဆက်ကြတယ်။ ဥက္ကဌ ရောက်မလာသေးလို့။ ကားက တောင်ဒဂုန်ထဲမှာ မျက်စိလည်သွားလို့ နောက်ကျသွားတယ်။ လူတွေက စည်ကား နေတယ်။ ပင်နီတွေ၊ ခမောက်ရင်ထိုးတွေနဲ့ စိတ်အားထက်သန်စွာနဲ့ ကြိုဆိုတာကို မြင်ရတော့ အမောပြေသွားသ လို။ ကျွန်တော်က ကင်မရာမင်းဆိုတော့ ဓာတ်ပုံရိုက်ကောင်းမယ့်နေရာတွေကို လိုက်ကြည့်ပြီး ကိုယ့်ရဲ့ ဆမ်ဆောင်း ကင်မရာ ကလေးနဲ့ မှတ်တမ်းတင်နေတယ်။ ရန်ကုန်တိုင်းအဖွဲ့က ဘီအမ်းကားတစ်စီးဌားလာတာ သူတို့လည်း တောင်ဒဂုန် ထဲမှာပဲ မျက်စိလည်ပြီး နောက်ကျမှရောက်လာကြတယ်။ ဒါပေမယ့် ဖွင့်ပွဲကိုတော့ အချိန်မီခဲ့တယ်။
အခမ်းအနားအစီအစဉ်အတွက် ညှိနှိုင်းတိုင်ပင်ပြီးတော့ အခမ်းအနားမစမှီ ရုံးဖဲကြိုးဖြတ်ဖွင့်ပွဲ အရင်လုပ်တယ်။ ဖဲကြိုးကို ပါတီဥက္ကဌ ဦးခင်မောင်ဆွေက ဖြတ်ပြီးဖွင့်ပေးတယ်။ မိုးပျံဘူးဘောင်းတွေ မငြှိဘဲ ပျံလို့ရအောင် နေရာရွေးနေရ သေးတယ်။ ဖဲကြိုးဖြတ်ဖွင့်ပြီးတော့ အခမ်းအနားစတယ်။ သဘာပတိအဖွဲ့ထဲမှာ တောင်ဒဂုန်စည်းတွေနဲ့ ရန်ကုန်တိုင်းဥက္ကဌ ဦးသက်ထွန်းမောင် တို့ကိုထားလိုက်တယ်။ အခမ်းအနားမှူးက ရန်ကုန်တိုင်းတွဲဖက်အတွင်းရေးမှူး(၁) ကိုမင်းမင်းထွန်း၊ သဘာပတိက မြို့နယ်ဥက္ကဌဦကျော်မင်း၊ သဘာပတိအဖွင့်အမှာစကားပြောတော့ စာရွက်ကြည့်ပြောရတဲ့ အပြင် ပြောတာက မြန်နေတာကို သတိထားမိတယ်။ ပြိးမှ ပါတီခေါင်းဆောင်တွေနဲ့ တစ်ဦးချင်းမိတ်ဆက်ပေးတယ်။ အဲ့ဒါပြီးတော့ ပါတီဥက္ကဌ ဦးခင်မောင်ဆွေက ပါတီရဲ့လုပ်ငန်းစဉ်တွေအကြောင်းရှင်းလင်းပြောကြားတယ်။ အကြောင်းအရာ မျိုးစုံပါရှိပြီး လက်တန်းပြောတယ်။ အချိန်က မိနစ် ၂၅ မိနစ်လောက်ကြာတယ်။ ပါတီဥက္ကဌပြောပြီးတော့ ရန်ကုန်တိုင်းဥက္ကဌ ဦးသက်ထွန်းမောင်က ဆက်ပြောတယ်။ သူတို့ပြီးတော့ အထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းနိုင်က ပါတီလုပ်ငန်းစဉ်တွေနဲ့လိုအပ်ချက်တွေအကြောင်း ပြောတယ်။ NDF ထဲဝင်ဖို့ ဆုံးဖြတ်ထားပြီးပြီလား။ ဒီပါတီထဲဝင်ပြီးရင် အခြားပါတီတစ်ခုကို ကူးပြောင်းဖို့ဆိုတာ မလွယ်တာကြောင့် သေသေချာချာစဉ်းစားပြီးမှ ၀င်ပါလို ထည့်ပြောသွားတယ်။ NDF ကနေထွက်ပြီးပေမယ့် အခြားပါတီက ပါတီဝင်အဖြစ် လက်ခံဖို့အရေး ညီလာခံပြီးတဲ့အထိ စောင့်နေကြရတာကို ကြားနေရလို့ပါ။
NDF ခေါင်းဆောင်တွေကတော့ ပြောစရာရှိတာကိုပြောကြတယ်။ ဒါပေမယ့် စောင့်ထိန်းသင့်တဲ့ကိစ္စတွေကိုတော့ ထည့်မပြောကြဘူး။ တကယ်တန်း ဖြစ်ခဲ့တာတွေကို ပြောလိုက်ရင် အော် ဒီလိုကြီးပါလားဆိုပြီးဖြစ်သွားနိုင်စရာရှိသလို ဒီမိုကရေစီအင်အားစုတွေအတွက် အားမဖြစ်စေဘဲ အားပျက်စေကာ ပြိုင်ဖက်တွေ ၀မ်းသာရမယ့်အဖြစ်မျိုး ဖြစ်သွားနိုင်တာကြောင့် စောင့်ထိန်းနေကြပါတယ်။ ဒါပေမယ့် တစ်ချိန်မှာတော့ သမိုင်းဖြစ်ရပ်မှန်ကလေးတွေ ထွက်ပေါ်စေချင်ပါတယ်။ တစ်ချိန်မှာ ဒီလိုပြောခဲ့ကြတယ်၊ ဒီလိုဖြစ်ခဲ့ကြတယ်ဆိုတာ နောက်လူတွေသိပြီးသင်ခန်းစာယူနိုင် ကြဖို့ပါ။ မှတ်တမ်းကလေးတွေတော့ ရေးထားခဲ့ကြပါလို့ တတ်နိုင်သမျှ တိုက်တွန်းကြည့်ရဦးမယ်။ ဒီနေ့ပြောတာဆို တာတွေကိုတော့ အသံဖမ်းထားပြီးပြီ။ နောင် အားမှပဲ စာသားအဖြစ်ပြောင်းလဲရဦးမယ်။ ဒါကလည်း လုပ်မယ့်သူက ကိုယ်တစ်ယောက်တည်းဆိုသလိုဖြစ်နေတယ်။
ဒေါက်တာဝင်းနိုင်ပြောပြီးတဲ့နောက် ရန်ကုန်တိုင်းအတွင်းရေးမှူး ကိုထက်အောင်ကျော်က ရန်ကုန်တိုင်းအတွင်း ဆောင်ရွက်နေတဲ့ကိစ္စတွေနဲ့ ရှေ့ဆက်လက်လုပ်ဆောင်မယ့် ကိစ္စတွေကို ပြောကြားတယ်။ မြောက်ဥက္ကလာပလူငယ်တွေ ဦးဆောင်လုပ်ဆောင်နေတဲ့ သွေးလှူအသင်းမှာ ပါဝင်ကြဖို့ နိုးဆော်သွားတယ်။ အဲ့ဒီမှာက ဒေါက်တာလှမျိုးနဲ့ ဒေါ်အေးအေးမော်တို့က ဦးစီးနေတာဖြစ်တယ်။
ရုံးဖွင့်ပွဲနဲ့ အခမ်းအနားပြီးတော့ တက်ရောက်တဲ့သူတွေကို နေ့လည်စာထမင်းနဲ့ ဧည့်ခံတယ်။ ဟင်းတွေက ၀က်သားဆီပြန်၊ သရက်ချဉ်၊ သီးစုံအချဉ်ရေ၊ ငပိရေချို၊ အတိုအမြုတ်တွေနဲ့။ လူများတော့ နှစ်သုတ်ခွဲကျွေးတယ်။
စားသောက်ပြီး ပြန်ဖို့လုပ်မယ်ဆိုတော့ ပါတီဥက္ကဌ ဦးခင်မောင်ဆွေရဲ့ အသိ ဘုန်းတော်ကြီးတစ်ပါး သတင်းသုံးရာ ဘုန်းကြီးကျောင်းကိုလိုက်ပို့ကြတယ်။ ဘုန်းကြီးကျောင်းက နှစ်ထပ်တိုက်အိမ်။ စေတီတော့ မရှိသေး။ အောက်ထပ်မှာ ကျောက်ဆင်းတုတစ်ဆူက ဥာဏ်တော်ခြောက်ပေရှိမယ်။ အနီးမှာတော့ ဟိန္ဒူဘုရားကျောင်းက ရောက်နေပြီ။ အချွန်အတက်တွေ ထိုးထိုးထောင်ထောင်နဲ့။ ဘုန်းကြီးကျောင်းပတ်ဝန်းကျင်က မြေပြန့်လွတ်ကြီး၊ အပင်လည်းမရှိ၊ လယ်ကွက်ဟောင်းတွေဆိုတာ သိသာနေတယ်။ ဘေးရပ်ကွက်တွေကမှာအပင်တွေနဲ့ ထိုးထိုးထောင်ထောင်ရှိနေတယ်။ ဘုန်းကြီးကျောင်းရှေ့မှာက မြေတူးစက်ကြီးနှစ်စီးနဲ့ ရေကန်ကြီးတစ်ကန်။ အရင်က ဒီမြေတွေကိုတူးပြီးရောင်းစားတာ။ ဘယ်သူက ဘယ်လိုခွင့်ပြုချက်နဲ့ လုပ်မှန်းမသိရ။ ရေကန်က မြေတူးထားလို့ အတော်နက်နေ၊ ကလေးတွေ မကြာခဏ ရေဆင်းကူးရင် သေဖူးတယ်။ ရပ်ကွက်ကနေ ပါတီကိုတိုင်၊ ပါတီလွှတ်တော်ကိုယ်စားလှယ်တွေ က သက်ဆိုင်ရာတွေကို ပြောပေးလို့ မြေတူးတာရပ်ထားတယ်။ ဒါတောင် စက်တွေကိုချန်ထားပြီး လစ်ရင်ဆက်တူးမယ့် သဘောရှိနေတယ်။ ရန်ကုန်တိုင်းဝန်ကြီးချုပ်က မတူးတော့ဖို့ပြောပြီး ရေကန်ကိုဘောင်ခတ်ဖို့ပြောခဲ့ပေမယ့် ဒိအတိုင်းပဲ ရှိနေသေးတယ်။ အောက်ခြေက အပေါ်ကညွှန်ကြားချက်ကို သိပ်အလေးမထားသလိုပဲ၊ အောက်ခြေဆိုင်ရာပိုင်ရာတွေက အချင်းချင်း ညှိစား နေကြတာလား။ မြေတူးစက်နှစ်ခုစလုံကို ဒီအတိုင်း ခြောက်လကြာလောက် မိုးထဲရေထဲ ပစ်ထားနိုင်တာက ဘယ်အဖွဲ့အစည်းကများ ပိုင်ထားလို့လဲ။ ငွေတော်တော်ပေါနေပုံရတယ်။
တစ်ခုတော့ ကျေးဇူးတင်ရဦးမယ်။ ဒီလိုပြဿနာတွေဖြစ်လာတော့ ဟိုတိုင်၊ဒီတိုင်နဲ့ လိုက်တိုင်ကြရင်း နောက်ဆုံး ပါတီကိုရောက်လာကြတယ်။ ပါတီဌာနချုပ်ခေါင်းဆောင်တွေရဲ့ အကြံပေးမှုနဲ့ ပါတီလွှတ်တော်အမတ်တွေကလည်းဘောင် ထဲကနေတတ်နိုင်သမျှလုပ်ပေးကြတော့အဆင်ပြေသင့်သလောက် ပြေသွားကြတယ်။ ဒါကြောင့် လူထုအတွက်တကယ်ကို လုပ်ပေးတဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီထဲကို ၀င်လာကြတာလို့ ပြောတော့ ကျွန်တော်တို့လည်း လုပ်ဆောင်ပေး ရကျိုးနပ်သလို ၀မ်းလည်းဝမ်းသာရပါတယ်။ နိုင်ငံရေးပါတီဆိုတာ ပြည်သူတွေရဲ့ အခက်အခဲကို ကူညီဖြေရှင်းပေးကြဖို့ ရည်ရွယ်တာပဲ မဟုတ်ပါလား။ အသွားတုန်းကတော့ လမ်းမှားမျက်စိလည်သလောက် အပြန်ကျတော့လည်း ရှောရှောရှုရှု နဲ့ ဌာနချုပ်ကို ပြန်ရောက်လာတယ်။
ဒါကတော့ ဒဂုံမြို့သစ်တောင်ပိုင်း ရုံးဖွင့်ပွဲအမှတ်တရလေးကို မှတ်တမ်းအဖြစ် ရေးကြည့်တာပါ။
နောက်တစ်ခါကတော့ မြောက်ဥက္ကလာပ(င)ရပ်ကွက်ရုံးဖွင့်ပွဲကို ထပ်ရေးပါဦးမယ
No comments:
Post a Comment